Monday, December 31, 2012

မုဒုံမြို့နယ်ဘိုးဘွားရိပ်သာ (၂၅) နှစ်ပြည့် ငွေရတုမင်္ဂလာ

မုဒုံမြို့နယ်၏ ဘိုးဘွားရိပ်သာတည်ထောင်ခြင်း (၂၅) နှစ်ပြည့် ငွေရတုမင်္ဂလာပွဲနှင့် မုဒုံမြို့သူ/သားများ၏ Happy New Year ည ပျော်ပွဲရွှင်ပွဲများ ဆင်နွှဲရာ မုဒုံမြို့နယ်ဘိုးဘွားရိပ်သာအတွင်းမှ မြင်းကွင်းဓါတ်ပုံများ

မုဒုံမြို့သူမြို့သားများသည် Happy New Year ညကို ဤနေရာတွင် ဆင်နွှဲခဲ့ကြသည်။
မုဒုံဘိုးဘွားရိပ်သာအတွင်း Happy New Year ညမြင်ကွင်း

မုဒုံဘိုးဘွားရိပ်သာအတွင်း Happy New Year ညမြင်ကွင်း

မုဒုံဘိုးဘွားရိပ်သာအတွင်း Happy New Year ညမြင်ကွင်း

ဘိုးဘွားရိပ်သာ နှစ်ပတ်လည်အခမ်းအနားကျင်းပရာနှင့် မော်ဒယ်အလှအပများ ဖျော်ဖြေရာ စင်မြင့်ကို ညနေပိုင်းတွင် တွေ့ရစဉ်

ဘိုးဘွားရိပ်သာကော်မတီဥက္ကဋ္ဌ ဦးလှသိန်းနှင့် MRTV4 ဘိုးဘွားရိပ်သာဆိုင်ရာ အင်တာဗျူးနေစဉ်

MRTV4 မှ ရုပ်သံတာဝန်ခံများနှင့် အင်တာဗျူးနေသော ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ


မုဒုံမြို့သူမြို့သားများသည် Happy New Year ညကို ဖြတ်သန်းရာ ဘိုးဘွားရိပ်သာပန်းခြံ


Saturday, December 29, 2012

မုဒုံဘိုးဘွားရိပ်သာမှ တိုးချဲ့ (အဘွား)ဆောင်

အသစ်တည်ဆောက်ပြီးစီးသွားသည့် ကျပ် (167) ကျော်တန် အဘွားဆောင်အား (၃၀-၁၂-၂၀၁၂) ရက်နေ့ကတွေ့ရစဉ်

မုဒုံမြို့ဘိုးဘွားရိပ်သာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ရိပ်သာကြီးကြပ်မှုကော်မတီမှ အစွမ်းကုန် ဆောင်ရွက် ကြိုးပမ်းလျှက်ရှိရာ ယခုအခါ မုဒုံမြို့နယ်ဇာတိဖွား အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ကျပ်သိန်း (167) ကျော် ကုန်ကျခံတည်ဆောက်ခဲ့သော အဘွားများအဆောင်သည် ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်ပါသည်။ အဆိုပါ အဘွား ဆောင်ကို ဘိုးဘွားရိပ်သာ၏ (၂၅) နှစ်မြောက် ငွေရတုနှစ်ပတ်လည်နေ့ဖြစ်သော (၃၁-၁၂-၂၀၁၂) ရက်နေ့တွင် ဖွင့်လှစ်တော့မည်ဖြစ်သည်။

             ဖော်ပြပါ အဘွားဆောင်တည်ဆောက်ရေးအတွက် အဓိကအလှူရှင်ကြီးများဖြစ်ကြသော ရန်ကုန်မြို့နေ မုဒုံဇာတိဖွား ဦးညောင်ချင်း (ခ) ဦးဇော်မြင့်+ဒေါ်အေးရှင် မိသားစုတို့မှ အလှူငွေကျပ်သိန်း (၅၀) နှင့် မုဒုံမြို့ ကွမ်ကသောင်ရပ်နေ ဒေါ်မချစ်က ကျပ်သိန်း (၂၀)၊ ညောင်လေးပင်မြို့နေ ဒေါ်သန်းသန်း မှ ကျပ် (၅) သိန်း၊ ဦးစိန်ဝင်း+ဒေါ်ခင်လေး ကန်ကြီးရပ်၊ မုဒုံမြို့တို့က ကျပ် (၄) သိန်းခွဲတို့ဖြင့် မတည်ခဲ့ပြီး ကျပ်တစ်သိန်းအထက် အလှူရှင် (၁၄) နှင့် အခြားအလှူရှင်များ၏ စုပေါင်းလှူဒါန်းငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း  ရပ်ဝေးမြေရောက် မုဒုံသားများ မုဒိတာ ပွါးများနိုင်စေရန် အလို့ငှါ တင်ပြလိုက်ပါသည်။

Friday, December 28, 2012

အထက (၂) မုဒုံ၊ မြတ်ဆရာပူဇော်ပွဲကျင်းပပြီးစီး

အသက် (၇၀) နှင့်အထက် ကန့်တော့ခံ ဆရာ/ဆရာမကြီးများ
 မုဒုံမြို့ရဲ အထကကျောင်း (၃) ကျောင်းရှိသည့်အနက်က နှစ်ပေါင်း (၁၁၉) နှစ်သက်တမ်းရှိပြီဖြစ်တဲ့ မုဒုံအထက (၂) ကျောင်းရဲ့ (၃) နှစ်တစ်ကြိမ်ကျင်းပတဲ့ သက်တော် (၆၀) နှစ်အထက်မြတ်ဆရာပူဇော်ပွဲကို ဒီနေ့ (၂၈-၁၂-၂၀၁၂) ရက်နေ့ နံနက် (၁၀) နာရီမှ စတင်ပြီးတော့ နေ့လည် (၁၂း၄၅) မှာ ပြီးဆုံးခဲ့ပါတယ်။  အခမ်းအနားကို အသက် (၆၀) နှစ်အထက် ဆရာ/ဆရာမကြီး (၈၀) ကျော်နဲ့ ကျောင်းသား/သူဟောင်းတွေ အတော်များများ တက်ရောက်ကြပြီး မြတ်ဆရာပူဇော်ပွဲကို ယှဉ်နွှဲခဲ့ပါတယ်။  ယခုနှစ်မြတ်ဆရာပူဇော်ပွဲဟာ ကျောင်းသားဟောင်းများရဲ့ စေတနာ သဒ္ဓါတရားထက်သန်မှုတွေကြောင့် အလွန်တရား အားရကျေနပ်မှုရှိကြောင်းနဲ့ ကျောင်းသားများရဲ့ ဒီနှစ်မြတ်ဆရာပူဇော်ပွဲ အတွက် စုစုပေါင်းလှူဒါန်းငွေဟာ ကျပ်သိန်း (၁၀၀) ကျော်လွန်ခဲ့တဲ့ အတွက် အရမ်းပဲ ဂုဏ်ယူမိတဲ့အကြောင်းကို အခမ်းအနားမှာ အငြိမ်းစား ကျောင်းအုပ်ဆရာကြီးဟောင်း ဦးအုန်းသော်က ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီလိုမြတ်ဆရာပူဇော်ပွဲကို ဆက်ပြီး ကျင်းပနိုင်ဖို့အတွက်လည်း နှစ်စဉ်ပိုလျှံတဲ့ငွေတွေကို စုပြီး ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာဟာ ယခုဆိုလျှင် သိန်း (၇၀) ကျော် (၈၀) နီးပါးရှိပြီး လို့လည်း ဆရာကြီးမှ ဆက်လက်ရှင်းပြသွားခဲ့ပါတယ်..
မုဒုံမြို့ အမှတ် (၂) အထကကျောင်းဟာ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း အောင်ချက် (၈၅%) ကျော်ဖြင့် မွန်ပြည်နယ် ဒုတိယနှင့် မုဒုံမြို့နယ်ပထမ အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ကျောင်းဖြစ်ပြီး အဆိုပါ အောင်ချက်ဟာ မုဒုံမြို့နယ်ရဲ့ စံချိန်တင်အောင်ချက်လို့လည် သိရပါတယ်။
အသက် (၆၀) နှစ်နှင့်အထက် ကန့်တော့ခံ ဆရာ/ဆရာမကြီးများ

ကျောင်းသားများက မြတ်ဆရာဂုဏ်ပြုတေးဖြင့် ဖျော်ဖြေပေးနေစဉ်

အခမ်းအနားတက်ရောက်လာကြသော ဆရာမကြီးများနှင့် ကျောင်းသားဟောင်းများ

အသစ်မွမ်းမံထားသော ကျောင်းဆောင်များ

အခမ်းအနား မစတင်မီ တွေ့ရသော ဆရာကြီး/ဆရာမကြီးများ

အခမ်းအနားမစတင်မီ

ကျောင်းသားဟောင်း တေးသံရှင်ကိုခင်မောင်ဇော်၏ AVM မှသည် အထက (၂)ဆီသို့ ပိုဒ်စုံရတုဖြင့် ဂုဏ်ပြုနေစဉ်

ဆရာ/ဆရာမကြီးများအား ကျောင်းသားဟောင်းများမှ ပူဇော်ကန်တော့နေကြစဉ်

Sunday, December 23, 2012

မုဒုံမြို့နယ်၏ ''အိုအေးစစ်'' နေရာလေးတစ်ခု

ကျား/မအရွယ်စုံရေကူးနိုင်ပြီး ရေဝေရေလဲကောင်းတဲ့ ရေကူးကန်တစ်နေရာ
ဒီတစ်ခါတော့ မုဒုံမြို့နယ်ရဲ့ အိုအေးစစ် လို့ တင်စားလို့ရလောက်အောင် လူကြိုက်များလာတဲ့ မုဒုံမြို့နယ်အတွင်းက နေရာလေးတစ်ခုကို တင်ပြလိုက်ပါမယ်...
(၃) နှစ်အရွယ်နဲ့အထက် ကလေးငယ်တွေ ရေကစားလို့ရတဲ့နေရာ



ရေကူးကန်နှင့် အနာယူအပန်းဖြေရန် သစ်သားအိမ်ငယ်


မော်လမြိုင်ကနေ မုဒုံမြို့ကို ကားလမ်းအတိုင်းလာရောက်ပါက မုဒုံမြို့မရောက်ခင် ၀ဲလက်ခြမ်း၊ ဘဲရမ်း ကျွန်းနှစ်ပင်အနီးမှာ ရှိတဲ့ "ကျွန်းနှစ်ပင်" ရေကူကန်များနှင့် အပန်းဖြေနေရာကတော့ အခုဆိုလျှင် အတော်လေးကို လူကြိုက်များ လာပြီး နေ့စဉ် လာရောက်အပန်းဖြေသူများ၊ ရေလာရောက်ကစားသူများနဲ့ စည်ကားလို့ နေပါပြီ..

ဒီရေကူးကန်နဲ့အပန်းဖြေစခန်းက မုဒုံမြို့နယ် ဘဲရမ်းကျေးရွာရှေ့က (၄) ဧကခြံနေရာမှာ တည်ဆောက် ထားပြီး တော့ ခလေးများရေကူးရန် နေရာ၊ အသေးစားလျှောစီးရန် နေရာနှင့် ရေဝေရေလဲကောင်းပြီး အမြဲတမ်းရေလည်ပတ် စီးဆင်းနေတဲ့ ရေကစားတဲ့နေရာဆိုပြီး (၃) နေရာရှိပါတယ်.. လူကြီးများအတွက်တော့ စိတ်ကြိုက်ကူးနိုင်မယ့် ရေးကူးကန်ကိုတော့ ယခုအခါ တည်ဆောက်ဆဲဖြစ်ပါသည်။  ရေကူးကန်လေးတွေဟာ ကလေးတွေအတွက် အလွန်ပဲ သင့်လျော်အောင် စီစဉ်ထားပြီး (၃) မျိုး (၃) စားပြုလုပ်ထားတဲ့အတွက် (၃) နှစ်အရွယ်ကနေ စပြီး ဆော့ကစား လို့ရပါတယ်..
 ရေကူးကန်အတွက် စားသောက်အနားယူနိုင်ရန် အတွက် စားသောက်ရန်နေရာတစ်ခုလည်း စီစဉ်ထားပြီး လိုအပ် သလိုဝယ်ယူပြီး စားသုံးနိုင်စေရန် စီစဉ်ထားသည်။  ရေကူးကန်နဲ့ အပန်းဖြေဥယျာဉ်ဟာ  (၄) ဧကခြံ များ တည်နေရာမှာ ရှိပြီး ဥယျာဉ်ခြံအတွင်း သီးပင်စားပင်များနဲ့ အလွန် အရိပ်အာဝါသ ကောင်းမွန်သဖြင့်  အပန်းဖြေသူများ အလွန်ပင် နှစ်သက်ကြကြောင်း သိရှိရပါသည်။


ရေကူးကန်အနီး စားသောက်ခန်းမတစ်ခု

အုပ်စုဖွဲ့အနားယူအပန်းဖြေနိုင်မည့် သစ်သားအိမ်ငယ်များ
အပန်းဖြေဥယျာဉ်အတွင်းပိုင်းတစ်နေရာ


စားသောက်ခန်းနှင့် အပန်းဖြေလာရောက်နေသူများ



အသေးစားရေလွှာလျှောစီးရန်နေရာတစ်ခု

သစ်ပင်တစ်ခုပေါ်တွင်တည်ဆောက်ထားသော အပန်းဖြေရန် တစ်နေရာ

တည်ဆောက်ဆဲ အပန်းဖြေနေရာတစ်ခု

တည်ဆောက်ဆဲ အပန်းဖြေနေရာများ

လာရောက်အပန်းဖြေနေသူများနှင့် ရေကူးကန်ရှုခင်းတစ်နေရာ


Friday, December 21, 2012

မုဒုံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းများကြောင့် အခက်ကြုံတွေ့လျှက်ရှိ


မြို့မ (၁) ရပ်ကွက်တွင် ရွေးချယ်တင်မြောက်ရေးကော်မရှင် (၅) ဦးအားရွေးချယ်ပွဲတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်မည့် ဥပဒေနည်းဥပဒေများအား  မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ လာရောက်ရှင်းလင်းပုံ
မြို့မ (၁) ရပ်ကွက်တွင် ရွေးချယ်တင်မြောက်ရေးကော်မရှင် (၅) ဦးအား ရပ်မိရပ်ဖများ၏ဆန္ဒနှင့်အညီ တင်မြှောက်နေစဉ်
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်လျက်ရှိသော ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး   ရွေးချယ်တင်မြောက်ပွဲများကို မုဒုံမြို့နယ်အနေဖြင့်လည်း ရပ်ကွက်ကျေးရွာများအလိုက် ပြုလုပ်လျှက်ရှိရာ အချို့ရပ်ကွက်/ကျေးရွာများတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးဟောင်းများ၏  အာဏာမက်မောမှုနှင့် ထင်သာမြင်သာမှုမရှိသော ဆယ်အိမ်စုကိုယ်စားလှယ်ဖွဲ့စည်းမှုတို့ကြောင်း ကြန့်ကြာလျှက်ရှိကြောင်း သိရှိရသည်။
ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများရွေးချယ်ရာတွင် မသမာမှုများ မရှိစေရန်အတွက် ရှေးဦးစွာ ရပ်ကွက်/ကျေးရွာပြည်သူများမှ တင်မြောက်သော အုပ်ချုပ်ရေးမှူးရွေးချယ်တင်မြောက်ပွဲကြီးကြပ်ရေးကော်မရှင် (ရပ်မိရပ်ဖ) (၅) ဦးကို ပြည်သူများ၏ဆန္ဒနှင့်အညီ ရွေးချယ်တင်မြှောက်ပြီးမှ ၄င်းကြီးကြပ်ရေးအဖွဲ့များမှ ရပ်ကွက်/ကျေးရွာများရှိ နေအိမ်များသို့ ကွင်းဆင်းပြီး ဆယ်အိမ်တစ်ယောက်နှုန်းဖြင့် ဆယ်အိမ်စုကိုယ်စားလှယ် ရွေးချယ်ပွဲများကို ကျင်းပပေးပြီး ၄င်း ဆယ်အိမ်စုကိုယ်စားလှယ်များထဲမှ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ယောက်ကို လျှို့ဝှက်ဆန္ဒမဲများပေးပြီး မဲအများဆုံးရရှိသူမှ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခြင်းခံရမည်ဖြစ်သည်။ 

ယခုအခါ ထိုသို့ရွေးချယ်ရာတွင် အချို့ရပ်ကွက်/ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးဟောင်းများ၏ အာဏာမက် မောမှုနှင့် ၄င်းတို့၏ ထင်သာမြင်သာမှုမရှိသော ဆယ်အိမ်စုကိုယ်စားလှယ် ဖွဲ့စည်းထားခြင်းများကြောင့် ရွေးချယ်ရေးကော်မရှင်နှင့် အချေအတင်များဖြစ်ပွါးလျှက်ရှိပြီး အုပ်ချုပ်ရေးမှူး တင်မြောက်ပွဲများမှာ အထ မမြောက်မှုများနှင့် ကြုံတွေ့နေရသည်။ မုဒုံမြို့နယ်အတွင်း ထိုသို့ဖြစ်ပွါးသော ကျေးရွာများတွင် ဘဲရမ်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ကျုံဖိုက်ကျေးရွာတို့ဖြစ်ပွါးလျက်ရှိပြီး.. ကော့ခပုံကျေးရွာနှင့် ကွေ့ဝမ်းကျေးရွာတို့တွင်လည်း အလားတူ ဖြစ်နိုင်ချေ အများဆုံးရှိနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများကို သုံးသပ်ထားကြသည်။  ထိုကဲ့သို့ ရပ်ကွက်/ကျေးရွအုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းများသည် ဥပဒေနှင့်အညီ ရွေးချယ်နိုင်ပါက ရပ်ကွက်/ကျေးရွာများ အတွက် များစွာအကျိုးဖြစ်ထွန်းစေမည့် အုပ်ချုပ်ရေးမှူးကောင်းများ ရရှိနိုင်သော်လည်း ထင်သာမြင်သာမှုမရှိသော ရွေးချယ်တင်မြောက်မှုများသည်လည်း တိုင်းပြည်ရဲ့ပြုပြင် ပြောင်းလဲမှုများကို အဟန့်အတား ဖြစ်နိုင်ကြောင်းလည်း သုံးသပ်နေကြသည်။

Wednesday, December 19, 2012

မုဒုံမြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများနှင့် သုံးစွဲသူများ ဖမ်းဆီးရမိ


စိတ်ကြွရူးသွပ်ဆေးပြားများအား သွားရောက်ဖမ်းဆီးမိရာ ရော်ဘာတောစပ်တစ်နေရာ

(၁၇-၁၂-၂၀၁၂) ရက်နေ့ (၁၃း၀၀) အချိန်  မုဒုံမြို့နယ်၏ တောင်ဘက်အစွန်းရှိ ကျေးရွာကြီးတစ်ရွာဖြစ်သော ကွမ်လှာကျေးရွာနှင့် နှင့်သံဖြူဇရပ်မြို့နယ် ဖောင်စိန်ကျေးရွာကြား၊ မုဒုံမြို့နယ်ဘက်ခြမ်း တောစပ်အတွင်းသတင်းအရ သံဖြူဇရပ်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်ရှင်းလင်းရှာဖွေရာ မူးယစ်ဆေးဝါးသုံးစွဲသူ လူငယ် (၁၅) ဦးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား(၃၈၄) ပြား၊ ၄င်းဆေးပြားရောင်းချငွေ (၁၆၂၀၀၀ိ)၊ special ခြောက်လုံးပြူး (၁) လက်၊ တူမီးသေနတ် (၂)၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ပစ္စည်းကိရိယာများအား ဖမ်းဆီးရမိခဲ့သည်။  သုံးစွဲသူ (၁၆) ဦးအနက် (၁၅) ဦးအားး ဖမ်းဆီးနိုင်ခဲ့ပြီး၊ တစ်ဦးမှာထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်းလည်းသိရှိရသည်။ ဖမ်းဆီးရမိသူ (၁၅) ဦးအနက် (၃) ဦးမှာ မုဒုံမြို့နယ် ကွမ်လှာ၊ နှီးပဒေါ၊ ရောင်းဒေါင်းမှ တစ်ဦးစီဖြစ်ပြီး ကျန် (၁၂) ဦးမှာ သံဖြူဇရပ်မြို့နယ်မှ ဖြစ်သည်။ ဖမ်းဆီးရမိသူများတွင် တက္ကသိုလ်ကျောင်းသားအများအပြားပါဝင်ပြီး ၄င်းတို့အားလုံးကို မုဒုံမြို့နယ်ရဲတပ်ဖွဲ့မှ တည်ဆဲဥပဒေများဖြင့် တရားစွဲဆိုထားရှိကြောင်းသိရှိရသည်။ ကွမ်လှာကျေးရွာသည် မုဒုံမြို့နှင့် (၁၈) မိုင်ကျော် ဝေးကွာပြီး သံဖြူဇရပ်မြို့နှင့်(၃) မိုင်ကျော်သာ ဝေးသော မုဒုံမြို့နယ်တောင်ဘက်အစွန်းဆုံးရှိ ကျေးရွာကြီးတစ်ရွာဖြစ်သည်။ မုဒုံမြို့နယ်တွင် ယခုနှစ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီမှုသည် စတုတ္တအကြိမ်ဖြစ်ပြီး ယခင်က မြို့မ (၄) ရပ်ကွက်၊ ကွမ်တာကျေးရွာနှင့် ကလော့သော့ကျေးရွာများတွင်လည်း အလားတူ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ရောင်းချသူများကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။

Saturday, December 15, 2012

အသေရေလွှမ်းခြုံ မြို့ရွှေဒုံ



မြို့ရွှေဒုံမှာ ရောင်စုံဖြာသည့်
ရတနာပန်းပွင့် ငွားငွားစွင့်လျက်
ရွှန်းတင့်ကျက်သရေ တက်ဖြိုးဝေ။

ကျိုက္ကမော့တောင် ထွက်ဘုန်းခေါင်နှင့်
ထွန်းပြောင်ထင်ရှား ကန်ဘုရားနှင့်
တရားရိပ်သာ သာသနာနှင့်
ပညာပြည့်လျှံ စွမ်းအားမာန်နှင့်
ကောက်နှံစပါး ဖွံ့ဖွံ့ထွားနှင့်
ခိုးနားပျော်ပေ၊ ရွှေဒုံမြေ။

ရွှေဒုံမြို့သား ဒို့မွန်များသည်
ဝင့်ကြွားဂုဏ်ဆောင် ထွန်းလင်းပြောင်းပြီး
လူ့ဘောင်ကောင်းကျိုး ဆပွါးတိုးရန်
လူမျိုးပုည ဂုဏ်မာနနှင့်
တက်ကြွကြိုးစား စဉ်နိုးကြား၍
မြင့်မားအသိ တူယှဉ်ရှိကာ
သတ္တိပြောင်မြောက် စာတင်လောက်သည်
ထွန်းတောက်မော်ကွန်း ရောင်နီထွန်း။

ဘူမိနက်သန် ရေမြေမှန်သည့်
တို့စံဌာနေ ရွှေဒုံမြေတွင်
ပွါးစည်သာသနာ မျိုးဘာသာနှင့်
တန်ဆောင်းပြဿဒ် ကျောင်းဇရပ်နှင့်
ကောင်းမြတ်ဝေစည် ရွှေစေတီနှင့်
စိတ်ညီနိုးကြွ အရာကိစ္စ
မှန်သမျှကို လုံ့လနှင့်ဇွဲ
အစဉ်တွဲလျက် မြဲဝီရိယ
အာသီသဖြင့် ဆန္ဒမြင့်ခေါင်
ပြီးမြောက်အောင်ထိ စွမ်းရည်ရှိလျက်
ဇာတိသွေးမာန် ခက်ထန်မာတင်း
စိတ်ရင်းမြတ်ဘိ ဂုဏ်ပြည့်၏။

လျှိုမြောင်စခန်း တောင်ညိုတန်းနှင့်
တင့်ဆန်းဝေဖြာ စည်ပင်သာ၍
ညီညာပေါင်းစု သဒ္ဓါမှုတည်
လူထုညီလာ ဖြူမေတ္တာဖြင့်
မြန်မာလည်းသိ ကမ္ဘာသိအောင်
တည်ရှိတိုင်းတာ တောင်လေးရာရှိ
မုနိမြတ်မော် ရွှေလျောင်းတော်ကိ
နေပျော်မြို့သား ပြည်နယ်သားတို့
ပွါးများကုသိုလ် ရစေလို၍
ထိုထိုကောင်းမှု အကြောင်းပြုသည့်
ပေါင်းစုမေတ္တာ စေတနာ။

ရွှေဖြူထင်ရှား ရော်ဘာများပြင်
စပါးကောက်နှံ ဒူးရင်းသန်၍
ပေါလျှံကျွဲကော၊ ကြက်မောက်တောနှင့်
စည်ပြောလန်းရွှင် ပျိုးဥယျာဉ်များ
ပန်းမန်စုံဘိ နိုင်ငံသိအောင်
တည်ရှိဆပွါး ရွှေဒုံသားတို့
ကြိုးစားဆောင်ရွက် သမိုင်းလက်ဖြင့်
ထက်မြက်ထင်ရှား စွမ်းပကား။

အသရေလွှမ်းခြုံ မြို့ရွှေဒုံ၏
ပြည့်စုံကြွယ်ဝ မှန်သမျှသည်
ဖြူစွစိတ်ရင်း မွန်သွေးချင်းများ
ရိုင်းပင်းခိုင်ကျည် တို့ဌာနီကို
နေခြည်တစ်နှုန်း ရွှေရည်မှုန်းလျက်
စည်းလုံးမပျက် လက်ချင်းဆက်ကာ
မပျက်မေတ္တာ မြဲခိုင်စွာဖြင့်
မြို့ရွာကောင်းကြိုး ကြံ့ခိုင်ဖြိုးအောင်
သယ်ပိုးနေကြောင်း ရှင်လူပေါင်းတို့
တစောင်းတစေ့ မြင်ကာတွေ့လို့
ပျော်မွှေ့လို၍ ကမ်းလင့်ကြိုကာ
ဖိတ်ခေါ်ပါသည်…….
လာလည်လှည့်ပါ …အိုအဆွေ…။

                          မင်းမျိုးမြင့်အောင် (၀ိဇ္ဖာသိပ္ပံ)
မုဒုံမြို့နယ်ရဲ့ပထမဆုံးအကြိမ်ထုတ်ဝေသည့် မုဒုံမဂ္ဂဇင်းတွင်ဖော်ပြထားသော ကဗျာတစ်ပုဒ်ဖြစ် ပါတယ်..ကြိုက်လို့တင်လိုက်တာပါ)

Saturday, December 8, 2012

မုဒုံမြို့ ဘိုးဘွားရိပ်သာတည်ထောင်ခြင်း (၂၅) နှစ်ပြည့် ငွေရတုမင်္ဂလာ



         မုဒုံမြို့နယ် ဘိုးဘွားရိပ်သာကို ၁၉၇၇-၇၈ ခုနှစ်လောက်မှာ စတင်တည်ထောင်ခဲ့တာကြောင်း ယခု ၂၀၁၂ ခုနှစ်ဆိုလျှင် ဘိုးဘွားရိပ်သာ တည်ထောင်ခြင်း (၂၅) နှစ်ပြည့်မြောက်တော့မှာဖြစ်ပါတယ်.. ဒီလို ငွေရတုမင်္ဂလာအခမ်းအနားကို ဘိုးဘွားရိပ်သာ ကြီးကြပ်မှုကော်မတီလူကြီးတွေနဲ့ မုဒုံမြို့သားတွေက ဂုဏ်ယူမဆုံးဖြစ်နေကြသည့်အလျှောက် ငွေရတုမင်္ဂလာအခါသမဖြစ်တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့ (happy new year) ညမှာ ကျင်းပမှာဖြစ်ပါတယ်.. ငွေရတုမင်္ဂလာပွဲနဲ့အတူ ဘိုးဘွားရိပ်သာ ရန်ပုံငွေ ကံစမ်းမဲလက်မှတ်များကိုလည်း ရောင်းချထားပြီး ယနေ့ညတွင် မြို့ခံတးဂီတအဖွဲ့နဲ့ အတူ ခေတ်ပေါ်လူငယ်Dencer အဖွဲ့၊ မော်ဒယ်လေးများအဖွဲ့တို့နှင့် စည်စည်ကားကားလေးကျင်းပ သွားမှာဖြစ်တဲ့အကြောင်း ရပ်ဝေးမြေရောက် မုဒုံသား/မုဒုံသူတွေ မုဒိတာပွါးများနိုင်ဖို့ သတင်းကောင်းပါးလိုက်ပါတယ်။

မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ၊ ဘင်လှိုင်စေတီတော် (ဗွီဒီယိုဖိုင်)

Thursday, December 6, 2012

မုဒုံမြို့နယ်အတွင်းမှ ထင်ရှားသည့် စေတီပုထိုးများ၊ အပိုင်း (၁) ဘင်လှိုင်ဆံတော်ရှင်

ကျွန်တော့်အနေနဲ့ မုဒုံမြို့နယ်မှာရှိတဲ့ ထင်ရှားတဲ့ စေတီပုထိုးတွေကို ကျွန်တော့ဘလော့ဂ်မှာ အခါအခွင့်သင့်လျှင်သင့်လျှင် သင့်သလို အပိုင်းအလိုက် တင်ပြသွားမှာဖြစ်ပါတယ်.. လောလောဆယ် မုဒုံမြို့ပေါ်နဲ့လည်း သိပ်မဝေးတဲ့ ကော့ခပုံကျေးရွာက ဘင်လှိုင်စေတီတော်ရဲ့ ရှုခင်းပုံတွေကို တင်ပြပေး သွားမှာပါ. စေတီရဲ့သမိုင်းကိုတော့ နောက်အချက်အလက်ပြည့်စုံရင်တော့ တင်ပြပေးသွားမှာပါ.. ဘင်လှိုင်စေတီတော်ဟာ မော်လမြိုင်-မုဒုံကားလမ်းရဲ့ အနောက်ဘက် ကော့ခပုံကျေးရွာ၊ အဇင်းစိုက်ပျိုးရေးဥယျာဉ်ခြံနှင့် ကပ်လျှက်မှာတည်ရှိပါတယ်.. ကန်ကြီးစေတီတော်ကဲ့သို့ပဲ ရေကန်နဲ့ စေတီ ပနာသင့်စွာ ကြည်ညိုဖွယ် ဖူးမျှော်ရပါတယ်.. မုဒုံမြို့နယ်အတွင်း ထင်ရှားတဲ့ စေတီတစ်ဆူ ဖြစ်တာနဲ့ အညီ သမိုင်းဝင်စေတီတစ်ဆူလည်း ဖြစ်ပါတယ်.. အခုဆိုရင် စေတီရဲ့ အရှေ့ဝဲဘက်မှာ လျောင်းတော်မူဘုရားကြီးတစ်ဆူကို တည်ထေားကိုးကွယ်တော်မူထားပြီး လျောင်းတော်မူ ဘုရားကြီးအား မိုးဒဏ်လေဒဏ်ခံနိုင်အောင်လည်း စံကျောင်းတော်ကြီးတစ်ဆောင်ကို တည်ဆောက်ပြီးစီးသွားပြီဖြစ်သည်။ ဘင်လှိုင်စတီတော်ကို ရောက်ဖူးတဲ့လူတွေအနေနဲ့ရော အလွမ်းပြေ ကြည့်ရှုနိုင်ဖို့နဲ့ မရောက်ဖူးသေးတဲ့လူတွေ အနေနဲ့ရော အခါအခွင့်သင့်လို့ မုဒုံပြန်လာခဲ့ရင် သွားရောက်ဖူးမျှော်နိုင်အောင်လို့ တင်ပေးလိုက်ပါတယ်..

မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာဘင်လှိုင်ကန်တော်နှင့် ဘင်လှိုင်စေတီတော်မြတ်
မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ ဘင်လှိုင်စေတီတော်ပရ၀ုဏ်ရှေ့ မြင်ကွင်း

မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ ဘင်လှိုင်စေတီတော်သို့ အ၀င်ခြင်္သေ့နှစ်ကောင်မုခ်ဦး
မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ ဘင်လှိုင်စေတီတော်၏အရှေ့ဝဲဘက်တွင် အသစ်တည်ထားကိုးကွယ်တော်မူထားသည့် လျောင်တော်မူးဘုရားကြီး
မုဒုံမြို့နယ်၊ ကော့ခပုံကျေးရွာ ဘင်လှိုင်စေတီတော်အရှေ့ဝဲလက်တွင် တည်ဆောက်ပြီးစီးနေပြီဖြစ်သော လျောင်တော်မူဘုရားကြီးစံကျောင်းတော်

Monday, December 3, 2012

ပြိုင်စံရှားတဲ့ ရွှေဒုံမြေ


မွန်တို့ဌာနေ ရာမညမြေက
ရွှေမြူရစ်ဝိုင်း ရှစ်ခွင်မှိုင်း၍
ရှုတိုင်းသာသည့် ရွှေဒုံမြေ ။

ဘာသာအရေး အစဉ်တွေးလျက်
ရောင်းသွေးမတူ ပေးကာလှူမည်
စေတနာဖြူသည့် ရွှေဒုံမြေ။

သာသနာ့အရောင် ထွန်းလင်းပြောင်လျှက်
ရွှေတောင်အလား၊ ပုစဉ်းများနှင့်
တရားသံဝေ
အထူးခြွေသည့် ရွှေဒုံမြေ။

ပညာအဆင့် ပွဲလယ်တင့်လျှက်
ပြိုင်နှင့်သမျှ အနိုင်ရသည်
စွမ်းစပြည့်ဝ ရွှေဒုံမြေ။

ကျန်းမာအရေး ပြည်သူ့ရေးတွက်
မနှေးကြိုဆို စေတနာပိုလျှက်
ကိုသိုလ်ဆေးခန်း ကြင်နာပန်းနှင့်
ရွှင်းလင်းပြုံးဝေ ရွှေဒုံမြေ။

စိုက်ပျိုးကဏ္ဍ နည်းလမ်းကျစွာ
မြို့ရွာအကျိုး သယ်ဆောင်ပိုးလျှက်
ထွက်တိုးသီးနှံ
လွန်ရှင်သန်သည့် ရွှေဒုံမြေ။

နိုင်ငံဘဏ္ဍာ၊ ဖြိုးပြည့်ဖြာလျှက်
ညီညာအစွမ်း အခွန်းထမ်းပြည်သူ
ချစ်စိတ်ဖြူလျှက် တွဲယူလက်ကမ်း
အသေရေလျှမ်းတဲ့ ရွှေဒုံမြေ။

နိုင်ငံသားကောင်း ဇာနည်လောင်းနှင့်
နှစ်ပြောင်းချိန်ကြာ ပြောင်းလဲပါသည်
စဉ်လာမပျက် ပေါ်ကာထွက်သည်
ဂုဏ်တက်လေသည့် ရွှေဒုံမြေ။

မြို့ပေါ်ကျေးလက် အလှဖက်စွာ
ပြိုင်လျှက်ဝင့်ကြွား ဇွဲနှင့်အင်အား
အလှဝင့်ကြ နှိုင်းရသည်
လှပလွန်းပေ ရွှေဒုံမြေ။
                                          (ရွှေဒုံရာဇော်)
မုဒုံမဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ကဗျာတစ်ပုဒ်ပါ။

Saturday, December 1, 2012

မုဒုံမြိုနယ်မဂ္ဂဇင်းများကို ၀ယ်ယူနိုင်ပါပြီ


 မြို့သက်တမ်း အနှစ် (၁၁၀) ကျော်ပြီးဖြစ်တဲ့ မုဒုံမြို့နယ်၏ ပထမဆုံး မဂ္ဂဇင်း အမှတ် (၁) ကို စတင်ဖြန့်ဖြူးရောင်းချနေပြီဖြစ်ကြောင်းသိရှိရသည်။  မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် မုဒုံဂုဏ်ဆောင် ၂၀၁၁-၂၀၁၂ တက္ကသိုလ်ဝင်တန်း ခြောက်ဘာသာဂုဏ်ထူးရှင် မောင်အေးချမ်းအောင်နှင့် မုဒုံမြို့နယ်အတွင်းနေထိုင်ကြသော မွန်၊ ဗမာ၊ ကရင် တိုင်းသားကိုယ်စားပြု မုဒုံလှပျိုဖြူလေးများရဲ့ ပုံများဖြင့် ရိုက်နှိပ်ထားပါသည်။ မဂ္ဂဇင်းတွင် ကဗျာ၊ ဆောင်းပါး၊ ၀တ္ထုရှည်၊ ၀တ္ထုတို၊ ပြဇာတ်၊ စာညွှန်း၊ သမိုင်းမှတ်တမ်း ဓါတ်ပုံများဖြင့် ရသစုံလင်း ရှုချင်စဖွယ် တွေ့မြင်ရမည်ဖြစ်ပြီး မုဒုံမြို့ရှိ နာမည်ကြီး စီးပွါးရေး၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်း၏ ကြော်ငြာလမ်းညွှန်ကဏ္ဍများလည်း ပါဝင်ပါသည်။ ဒီမဂ္ဂဇင်းတစ်အုပ်လုံးကို နာမည်ကြီးစာရေး ဆရာတစ်ဦးဖြစ်သူ ကြို့ပင်ကောက်တင်မောင်ဦးမှ တည်းဖြတ်ပေးထားကြောင်းလည်း သိရှိရပါသည်။

ကဗျာကဏ္ဍတွင် နာမည်ကြီးကဗျာဆရာ မောင်စိမ်းနောင် (လယ်ဝေး) ၏ မြို့ကလေးများ၊ မုဒုံရွှေဇင်မောင်၏ သီးနှံဝေတဲ့ ရတနာမြေ၊ စန္ဒကူး၏ အမေ့အရိပ်၊ မောင်မောင်အေး၏ ကျေးဇူးပါ-မုဒုံ၊ မြ၀တ်ရည် (ကျောက်ဆည်) ၏ ယာဉ်စွန်းတန်းများရဲ့ ယာဉ်စွန်းတန်း၊ ကျော်ဝင်းမောင် (ကျောက်မဲ)၏ မုဒုံမြို့နယ်သာမောဖွယ်၊ မျိုးထွဋ်ငြိမ်း၏ ဂျုံးဂျုံးကျ တောရလမ်း၊ ရွှေဒုံရာဇော်၏ ပြိုင်စံရှားတဲ့ ရွှေဒုံမြေ၊ ကြယ်စင်မြင့်မိုရ်၏ ရွှေဟင်္သာ၊ မင်းမျိုးမြင့်မောင် (၀ိဇ္ဖာ-သိပ္ပံ)၏ အသရေလွှမ်း မြို့ရွှေဒုံ၊ တော်လေး (အထက-တံခွန်တိုင်)၏ ဆရာ့အားမာန်၊ ကိုကိုထူးရှား (မုဒုံသား)၏ မသေတဲ့မီး၊ မောင်မြေရိုင်း (မုတ္တမ)၏ မုဒုံမဂ္ဂဇင်း၊ ဝေမိုးအိမ်၏ လမ်း၊ စောဗညား (ဖားသိမ်)၏ မျှော်လင့်ခြင်း၊ ဖိုးသား (ကောလင်း)၏ ဖန်တီးသူ၊ မင်းကြယ်စင် (ဒိုမား)၏ ဝေဒနာ၊ လမင်းသစ္စာ၏ သုညကိုနေရာမှန်ပို့ပေးပါ၊ မြင့်စိုး (တေဇစက္ကီ)၏ အနိုင်စစ်၊ မုန်းမောင်မောင် (မြင်းမူ) ၏ ဘ၀သစ္စာ၊ ဝေးနေ၏ ချစ်တဲ့မြို့ ကဗျာများ။
ဆောင်းပါးကဏ္ဍတွင် ကြို့ပင်ကောက် တင်မောင်ဦး၏ စာရေးဖို့စိတ်ကူးစို့၊ မောင်ကြီးစိန် (ရာမည)၏ မုဒုံမြို့ဖြစ်တည်ခြင်း၊ မောင်မောင်ရွှေမြိုင်၏ မုဒုံနဲ့ကျွန်တော်၊ သင်းသီရိဇန်၏ သာသနာတွင် ထွန်းပြောင်ခဲ့သော ဆရာတော် အရှင်ဘဒ္ဒန္တ၀ဏ္ဏိတာဘိဝံသ၊ မောင်မောင်မိုးအောင်၏ ဗုဒ္ဓ၏မျက်မှောက်တွင် နောက်ဆုံးကျွတ်တမ်းဝင်သူ၊ ရာမညညိုသွေး၏ သက်ကြီးရွယ်အိုတို့ ကွန်းခိုရာ မုဒုံဘိုးဘွားရိပ်သာ၊ မှူးထွန်းရွှေ၏ မုဒုံမဟာဗောဓိပင် (သို့မဟုတ်) ပရိဘောဂစေတီ၊ ဦးဝမ်ထိန်၏ မုဒုံမြို့နယ်တောင်ပိုင်း ကွင်းရွာဒေသ၏ ပထ၀ီအနေအထားနှင့်ဘာသာယဉ်ကျေးမှုကို လေ့လာခြင်း၊ ဒေါ်တင်လှ (တွဲဖက်ပါမောက္ခ-ငြိမ်း)၏ မမေ့သော မုဒုံ၊ ဋ္ဌေးကိုတင် (အတ္ထရံမြေ)၏ ပါရမီရှင်များ လျှောက်သောလမ်းဆုံ ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း မုဒုံ၊ မိမရော့စွန်း (မုဒုံ)၏ မွန်ယဉ်ကျေးမှုမှသည့် အနောက်နိုင်ငံဆီသို့၊ မုဒုံအောင်ကြည် မြို့မ(၂)၏ ရွှေမျိုးဆက်ကို ဂုဏ်ပြုသည်၊ ရွှေသီး ၏ မြို့နယ်အစဉ်အလားထိန်းသိမ်းပါ၊ စောဗညား (ဖားသိမ်)၏ သွေးချင်းတို့ ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ၊ မြင့်မိုရ်ဦး (မုဒုံ)၏ ပါရမီထိုက်သော ကုသိုလ်များ၊ မေစုစုစိုး၏ လှပကျက်သရေမုဒုံမြေ၊ မြတ်ကံကောင်း (ကော့ပရံ)၏ သာသနာ့ဇာနည် ဒေါ်ဂုဏ၀တီ၊ မြင့်မိုရ်ဦး၏ မုဒုံမဂ္ဂဇင်းစတင်မွေးဖွားခြင်း၊ ညီညီချမ်း၏ မွေးရပ်မြေသို့ အလည်တစ်ခေါက် ..စသည့်ဆောင်းပါးများ။

အတိုဆုံးဝတ္ထုကဏ္ဍတွင် မင်းဇော် (မုဒုံ)၏ အမေ့လက်ရာ၊ လင်း (မုဒုံ)၏ သူထွက်သွားသည့်နောက်၊ မေသီမွန် (သစ်သီးတန်း)၏  ပျက်အစဉ်ပြင်မရ၊ ဂွမောင်၏ ဒုက္ခပါပဲကွာ၊ လမင်းသစ္စာ၏ ပိုင်ရှင်မတူသော စကားများ၊ ကိုထိန် (ခေမာ)၏ အပြုံးကြားမှ အမဲ့၊ သာဂိ၏ ၁၀ မိနစ်လင်မယား၊ ဆွေထွန်း၏ နီတိနှင့် ကျင့်ဝတ်။

ဝတ္ထုတိုကဏ္ဍတွင်  မောင်မြင့်မား (ဘိုကလေး) ၏ ဘဲကင်နဲ့တောင် မလဲပေါင်၊ ဇင် ၏ သူစိမ်း၊ ချစ်ထွန်း၏ မွန်ကျော်ကို တွေ့လျှင် မေးပေးပါ၊ တင်ကို (မြို့တော်ဦး) ၏ မူးတန်းရမ်းတုန်း၊ နတ်တလင်းချစ်ဆွေ၏ မအေးစက်နိုင်တော့သော ပင်စင်နာအက်ဆေး၊ ကြယ်စင်၏ အသွားမတော်တစ်လှမ်း၊ နေညိုညို၊ မိလေးမွန်၏ နေညိုညို၊ နေမင်း (ဓမ္မဒူတ) ၏ ပေးဆပ်သူတို့နှလုံးသား၊ ဘုန်းပွင့်ထွန်း၏ နို့တိုင်ရွာရဲ့ ဖြစ်ရပ်ဆန်း၊ ၀င်းခင်လွမ်း (မုဒုံမြေ)၏ ငယ်ချစ်ရယ် ရွှေလက်တွဲမလိုနှင့်၊ ထက်အံ့လင်း (မူဆယ်) ၏ စာကြည့်တိုက်ဖူးစာ၊ မောင်စိမ်းလန်း (ရာမညမြေ)၏ ရှင့်စည်းစိမ်ဒါအကုန်ပဲလား၊ နေခ (တေဇစက္ကီ)၏ အဖြူရောင် ချစ်ခြင်းရဲ့ ၅၂၈ ချစ်မေတ္တာ၊ သန့်ကိုကိုဟန်၏ အုန်းပင်တက်လက်မှတ်၊ ရာမည (ဖိုးလပြည့်)၏ လူကြီးကား၊ ဇင်မာထွန်း၏ အချစ်အေးတိုက်ပွဲ၊ အဂ္ဂဇာမဏီ (ညောင်ဝိုင်း) ၏ ကြိုးမဲ့လေတံခွန်၊ ၀င်းလက် (ပေါင်)၏ ဆန့်ကျင်ဘက် လောကဆီသို့ …စသည့်ဝတ္ထုတိုများ၊

ဝတ္ထုရှည်ကဏ္ဍတွင် မောင်ခြိမ့်၏ သွေဖယ်တိမ်းလို့ စိမ်းရက်တယ်၊ စားညွှန့်ကဏ္ဍတွင် မင်းကိုကို၏ မွေးမေသို့ တမ်းချင်း၊ ပြဇာတ်ကဏ္ဍတွင် ဇဗ္မူဒီပါတင်ထွန်း အိမ်ပါသမက်၊ နှင့်အတူ ဟာသ ဒေါက်တာသန်းနိုင်ဦး၊ ကာတွန်း တာတီး၊ ကာတွန်းဘုန်းကျော် (မော်လမြိုင်)၊ CMM (မော်လမြိုင်)၊ မုဒုံအိမ်ဂျယ်၊ မြမှူး၊ ကာတွန်း TP၊ မင်းရန်နိုင်တို့၏ ကာတွန်းလက်ရာ များ ပါဝင်သည်။

ဝယ်ယူရရှိနိုင်သောနေရာများ..
မုဒုံမဂ္ဂဇင်းများကို မုဒုံမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၊ မုဒုံကျော်ကျော်စာပေ (၁)၊ (၂)။ ဒေါက်တာဝင်းနိုင်ဋ္ဌေး (ညီညီဆေးဆိုင်) လမ်းမကြီးရပ်၊ ဦးမိုးမြင့်ရှိန် (ပါရမီအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး) လမ်းမကြီးရပ်၊ မုဒုံမြို့နယ် ပြန်/ဆက်ရုံး၊ ကိုညီထွေး (ရွှေသီးကွန်ပျူတာ၊ သင်္ဘောဦးဘုရားရှေ့) တို့တွင် တစ်အုပ်လျှင် တန်ဖိုး ကျပ် (၃၀၀၀) ဖြင့် ဆက်သွယ်ဝယ်ယူနိုင်ပါသည်။

ဝယ်ယူသိမ်းဆည်းထားသင့်သည့်မဂ္ဂဇင်း

  မုဒုံမြို့သည် နှစ်တစ်ရာကျော် သက်တမ်းရှိပြီဖြစ်သော်လည်း မြို့နယ်မဂ္ဂဖင်းအနေဖြင့် ယခုအခါမှ စတင်ထုတ်ဝေနိုင်ခြင်းဖြစ်သည့်အတွက် မုဒုံမြို့နယ်သူ/နယ်သားများအနေဖြင့် မုဒုံမြို့နယ်၏ သမိုင်းဆိုင်ရာအချက်အလက်များကို သိရှိနိုင်ရန်သော်လည်းကောင်း၊ မုဒုံမြို့နယ်၏ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ၏  ပြည့်စုံစွာသိရှိနိုင်ရန် လည်းကောင်း၊ မုဒုံမြို့နယ်ရှိ စာပေ၀ါသနာရှင်များနှင့် မဂ္ဂဇင်းထုတ်ဝေရေးကော်မတီတို့၏ စေတနာ၊ ၀ါသနာနှင့် ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြု အားပေးခြင်းအနေဖြင့် လည်းကောင်း ၀ယ်ယူသင့်သော မဂ္ဂဇင်းတစ်စောင်ဖြစ်ပါကြောင်း မုဒုံမြို့နယ်မဂ္ဂဇင်းများ စဉ်ဆက်မပြတ်ထွက်ရှိနိုင်ရန် ရည်သန်၍ သုံးသပ်တင်ပြအပ်ပါသည်။

Friday, November 30, 2012

မုဒုံမြို့နယ် ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲ

လမ်းလျှောက်ပွဲစတင်ရာ မုဒုံမြို့သင်္ဘောဦးဘုရားရှေ့
              မုဒုံမြို့ ဒီဇင်ဘာ လူထုလမ်းလျှောက်ပွဲကို ဒီနေ့ (၁-၁၂-၂၀၁၂) ရက်နေ့ နံနက် (၅း၀၀) နာရီအချိန်တွင် မုဒုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့ မှ စတင်ခဲ့သည်။ နှစ်စဉ် ဒီဇင်ဘာလတွင် ကျင်းပလေ့ရှိသော ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ၏ စနေနေ့နံနက်များတွင် ပြုလုပ်လေ့ရှိပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ၊ မြို့ပေါ်ကျောင်းများမှ ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူ များ ဆင်နွှဲကြသည်။ ယနေ့လမ်းလျှောက်ပွဲတွင်  စုစုပေါင်းအင်အား (၃၀၀) ခန့်ဖြင့် မုဒုံမြို့ပတ်လမ်းတစ်လျှောက် တစ်ပတ်လျှောက်ခဲ့ကြပြီး လမ်းလျှောက်ပွဲပြီးဆုံးရာ မြို့နယ်မီတာ (၄၀၀) အားကစားကွင်းတွင် စုပေါင်းကိုယ်လက် ကြံ့ခိုင်လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။

လမ်းလျှောက်ပွဲတွင်ပါဝင်ဆင်နွှဲခဲ့ကြသော ကျောင်းသား/သူလေးများ

Thursday, November 29, 2012

ရှုမ၀တဲ့ အဇင်းဆည်အလှ

အဇင်းဆည်နှင့် ကျိုက်ကမော့တောင်တော်

အဇင်းဆည်နှင့် ကျိုက်ကမော့တောင်တော်

ဆည်ရေလွှတ်ပေါက်မှ ရေလွှတ်ထားချိန်

ရှုလို့မ၀တဲ့ အဇင်းဆည် ရှုခင်းအလှ
ဆည်အတွင်း လှေငယ်တစ်စီး ခုတ်မောင်းနေစဉ်

Tuesday, November 27, 2012

မုဒုံတန်ဆောင်တိုင်


လူများ စတင်စည်ကားစပြုလာသော မုဒုံမြို့ တန်ဆောင်တိုင်ည မြင်ကွင်း (လမ်းမကြီးအ၀ိုင်း ညနေ-၇း၀၀) နာရီ
ဘော်ဒါတို့ရေ မုဒုံတန်ဆောင်တိုင်ကတော့ ညက စည်စည်ကားကားနဲ့ ပြီးဆုံးသွားပါပြီ.. လဆန်း (၁၃) ရက်နေ့ညနေ (၆း၃၀) လောက်မှာ ရွာသွန်းခဲ့သည့် မိုးသည်းထည်မှုကြောင့် (၁၄) ရက်နေ့ည တန်ဆောင်တိုင်ပွဲတော်ဟာ မိုးထိတော့မယ်လို့ မူလက ခန့်မှန်းထားကြပေမယ့် တန်ဆောင်တိုင်ည (၆း၀၀) နာရီလောက်မှ မိုးနည်းနည်း အုပ်ဆိုင်းတာကလွဲပြီး မိုးမရွာခဲ့ပဲ ည (၇း၀၀) နာရီအချိန် မှာတော့ ကောင်းကင်မှ တိမ်တွေကင်စင်ပြီး လမင်းဟာ ယခင်နှစ်များလို ထွန်းလင်းပေးခဲ့တဲ့ အတွက် မုဒုံတန်ဆောင်တိုင်ပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ယှဉ်နွှဲခဲ့ကြပါတယ်... 
    
          ဒီနှစ်တန်ဆောင်တိုင်မှာ စတင်တေးဂီတအဖြစ် (လေးဇီးကလပ်၊ ဘစ်ဘတ်  တေးဂီတအဖွဲ့နဲ့အတူ) အယ်လွန်းဝါ၊ ဟန်ထူးလွင်၊ ပူစူး၊ အေသင်ချိုဆွေ စသည့်နာမည်ကြီးအဆိုတော်တွေ ပါဝင်တီဆို   ဖျော်ဖြေခဲ့ပြီးတော့ မော်ဒယ်သရုပ်ဆောင် ခေမီကိုနဲ့အဖွဲ့လည်း ပါဝင်ခဲ့ပါတယ်..

         မူလက မိုးရိပ်တွေကြောင့် မစည်းကားတော့မလိုဖြစ်ခဲ့ပေမယ့် ည (၈း၀၀) နာရီဝန်းကျင်မှာတော့ ယခင်နှစ်များလိုပဲ မော်-သံလမ်းတစ်လျှောက်မှာ မြို့ခံတွေနဲ့ ကျေးရွာတွေက တက်လာသည့် ပရိတ်သတ် တွေနဲ့ တန်ဆောင်တိုင်ညဟာ အသက်ဝင်ခဲ့ပါတယ်.. ည (၇း၀၀) နာရီမှ မသိုးသင်္ကန်း ရက်လုပ်ယှဉ်ပြိုင်ပွဲကို ယခင်နှစ်တွေကလိုပဲ ကျေးရွာ/ရပ်ကွက်အလိုက်ယှဉ်ပြိုင်ပြီးတော့ ည (၈း၀၀) နာရီမှ ပြီးဆုံးခဲ့ပါတယ်..

          ဒါပေမယ့် ယခင်နှစ်မှာ မီးထွန်းခဲ့တဲ့ ဗိုလ်ချုပ်လမ်း (သင်္ဘောဦးထိပ်မှ ဆေးရုံထိပ်အထိ)၊ စက်သစ်ရပ် မြစေတီလမ်း (အောင်ပြည်သာရှေ့လမ်းဝမှ ကင်ချွန်းဘုရား (မြစေတီဘုရားအထိ)၊ မြနန်ဒါလမ်း (ဒေါ်သန်းမြင့်ဘော်ဒါဆောင်လမ်း)၊ မင်းတန်းဗိုလ်ချုပ်လမ်း (သင်္ဘောဦးထိပ်မှ ကျောက်တိုင်ထိ)၊ တပင်ရွှေထီးလမ်း (ကျောက်ဝိုင်းကျောင်းလမ်းဝမှ စာစင်လမ်းမကြီးကျောင်းရှေ့လမ်းဝအထိ)၊ မော်-သံလမ်း (စာစင်လမ်းမကြီးကျောင်းရှေ့မှ မုဒုံမြို့ဝင်အထိ)၊ ဘုရားလေးဆူရပ် (ဗိုလ်ချုပ်လမ်းတစ်လျှောက်) နေရာတွေမှာ မီးထွန်းခဲ့ခြင်းမရှိတော့တဲ့ အတွက်ကြောင့်လည်း အဲဒီနေရာတွေဟာ အစောပိုင်းနဲ့ ညနက်ပိုင်းတွေမှာ   ခြောက်ကပ်ကပ်ဖြစ်ခဲ့ပါတယ်...
လမ်းမကြီး မော်-သံလမ်း၊ တန်ဆောင်တိုင်ည
                 မီးထွန်းတဲ့လမ်းတွေထဲမှာ တပင်ရွှေထီးလမ်း၊ (စာစင်အလယ်ပိုင်းရပ်)၊ အင်ကြင်းမြိင်လမ်း၊ လမ်းမကြီးမော်-သံလမ်း (ဈေးနားမှ ယခင်ဘီအိုစီရှေ့ထိ)၊ မြို့မဈေးနောက်လမ်း၊ ဘိုတဲအရဟံလမ်း၊ ဗိုလ်ချုပ်လမ်း (ဘိုတဲရှေ့မှ လမ်းမကြီးအ၀ိုင်းအထိ) ပိနဲတိုက်အ၀င်လမ်းများ၊ လမ်းမကြီးအ၀ိုင်းရှေ့မှ ကျွန်းရွာလမ်းသို့ ဖြတ်ထွက်သော ၀ိဇယလမ်း၊ ကျွန်းရွာလမ်းတစ်လျှောက် (လစရ-၂) အထိ၊ မော်-သံလမ်း၊ ဦးပိုးရီအိမ်ရှေ့မှ စာစင်လမ်းမကြီးအထိ) တို့တွင်သာ မီးထွန်းခဲ့သည်။ 

          ဇာတ်ပွဲများကျင်းပမှုကတော့ ယခင်နှစ်များအတိုင်းပဲ လမ်းမကြီးရွှေဟင်္သာဈေးရှေ့တွင် တစ်ပွဲ၊ ကျွန်းရွာလမ်းတွင်တစ်ပွဲ၊ ကျိုက်ကမော့တောင်ခြေတွင်တစ်ပွဲ ကပြခဲ့ပါတယ်... ကျိုက်ကမော့လမ်း တစ်လျှောက်တောင်ခြေအထိမှာတော့ လမ်းလျှောက်သူအနည်းငယ်သာရှိပြီး တောင်ပေါ်တက်ဘုရားဖူးဖို့ အတွက် ကား၊ ဆိုင်ကယ်များကို အသုံးပြုပြီး ည (၈) နာရီကနေ နံနက် (၆) နာရီအထိ အဆက်မပြတ် တက်ရောက်ခဲ့ကြပါတယ်..

 ပထမတော့ မုဒုံတန်ဆောင်တိုင်ည ဓါတ်ပုံတွေကို စုံစုံလင်လင်နဲ့တင်ပေးပို့ အများကြီး မျှော်လင့်ခဲ့တယ်.. အခက်အခဲတစ်ချို့ကြောင့် လက်လှမ်းမီသလောက်ပဲတင်ပေးလိုက်ပါတယ်.. ဘော်ဒါတို့ရေ စိတ်မရှိပါနဲ့...နောက်ဆိုရင် ဒီထက်ကြိုးစားသွားပါ့မယ့်.. ရပ်ဝေးမြေရောက်မုဒုံသားတွေလည်း အားလုံး ကျန်းမာကြပါစေဗျာ..
စတင်တေးဂီတဖျော်ဖြေမည့် မုဒုံမိုးလုံလေလုံအားကစားရုံမြင်ကွင်း (ညနေ (၄း၃၀) အချိန်

သင်္ဘောဦးဘုရားနှင့် ရှင်ဥပဂုတ်တရဟန်းသာပူဇော်ထားမှုမြင်ကွင်း (ညနေ ၆း၀၀) နာရီ
မသိုးသင်္ကန်းရပ်လုပ်ယှဉ်ပြိုင်မည့် ဆုတောင်းပြည့်စေတီတော်ရှေ့မြင်ကွင်း (ညနေ ၆း၀၀) နာရီ



လူများ စတင်စည်ကားစပြုလာသော မုဒုံမြို့ တန်ဆောင်တိုင်ည မြင်ကွင်း (လမ်းမကြီးအ၀ိုင်း ည-၇း၀၀) နာရီ

ရိုးရာမပျက်နှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့ရိုးရာခြင်းအလှခတ်ပြိုင်ပွဲမြင်းကွင်း (လမ်းမကြီး ဈေးဟောင်းရှေ့နေရာ)

လူစည်ကားနေပြီဖြစ်သော ည (၇း၄၅) အချိန် တန်ဆောင်တိုင်ညမြင်းကွင်

ကျိုက်ကမော့ကလေးဘုရားသို့ တက်ရောက်မည့် ကျွန်းရွာလမ်းတစ်လျှောက် မြင်ကွင်း ည (၉း၀၀) နာရီ (အဆိုပါလမ်းမှာ တောင်ပေါ်သို့ ကားများ ဆိုင်ကယ်များနှင့်သာ သွားရောက်သူများပြားသဖြင့် လမ်းလျှောက်သူနည်းပါးနေပါသည်)

မုဒုံမြို့တန်ဆောင်တိုင်ပွဲတော်၏ ယခုနှစ်ထူးခြားသော ပြပွဲတစ်ခု (ပန်ချီကိုနွယ်တို့အဖွဲ့ဦးဆောင်သော ပန်းပညာရှင်များ၏ ချိုတေးသံဝင်းအတွင်းရှိ ပန်းချီပြပွဲ)

ပန်းချီပြပွဲတစ်ကွက်

ပန်းချီပြပွဲ မြင်ကွင်းတစ်ခု

ည (၁၀း၀၀) နာရီအထိ စည်ကားနေသော လမ်းမကြီး မော်-သံလမ်းတစ်နေရာ