Saturday, March 30, 2013
မုဒုံမြို့မှ သာသနာ့အာဇာနည်တစ်ပါး (ဘဒ္ဒန္တ မဏိဇောတသီရိ- ကမ္မဌာနစရိယ)
ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တ မဏိဇောတသီရိ
           ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ (၄-၁-၂၀၁၃) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၃) ဖြင့် ကမ္မဋ္ဌာနာစရိယဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက် မြဟေ၀န်လမ်းရှိ ဗုဒ္ဓအေးရိပ်သာ တေဇစက္ကီ ၀ိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ မဏိဇောတသီရိ အား မုဒုံမြို့နယ်အသင်း (ရန်ကုန်) အလုပ်အမှုဆောင်အဖွဲ့မှ ထပ်ဆင့် ဂုဏ၀ိသိဋ္ဌပူဇော်ပွဲကို (၂၈-၃-၂၀၁၃)၊ ကြာသပတေးနေ့ နံနက် (၈း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၀ရဒါဌာဓါတုစေတိယ စွယ်တော်မြတ်စေတီတော်၊ လောက၀ိဒူဓမ္မာရုံ (မုဒုံမြို့နယ်အသင်း-ရန်ကုန်) ၌ ဒဿမအကြိမ်မြောက် ဂုဏ၀ိသိဋ္ဌ ပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ မုဒုံအသင်း-ရန်ကုန်မှ အသင်းသား (၁၀၀) ကျော် တက်ရောက်ပူဇော်ခဲ့ကြသည်။
     ဆရာတော်သည် (၂၉-၃-၂၀၁၃) ရက်နေ့တွင် မုဒုံမြို့သို့ပြန်လည်ကြွရောက်တော်မူပြီး ယင်းနေ့ ညနေပိုင်းတွင် မုဒုံမြို့တွင်းလှည့်လည်အပူဇော်ခံခဲ့ကြောင်း သိရှိရသည်။
တပည့်ဒါယကာ/ဒါယိကာမများနှင့်အတူ မုဒုံမြို့အတွင်း လှည့်လည်အပူဇော်ခံစဉ်
တပည့်ဒါယကာ/ဒါယိကာမများနှင့်အတူ မုဒုံမြို့အတွင်း လှည့်လည်အပူဇော်ခံစဉ်
ဆရာတော်အား ပင့်ဆောင်လာသည့် မုဒုံမြို့နယ်မှ တပည့်ဒါယကာ/ဒါယိကာမများ
ဆရာတော်၏ အတ္ထုပ္ပတိ
=============
(၁) ဘွဲ့တော် - မဏိဇောတသီရိ
(၂) ကျောင်းတိုက် - ဗုဒ္ဓအေးရိပ်သာ တေဇစက္ကီဝိပဿနာ၊ ကမ္မဋ္ဌာန်းကျောင်းတိုက်၊ မြဟေ၀န်              
                         (ဆည်မြောင်းလမ်း)၊ မုဒုံမြို့၊ မွန်ပြည်နယ်
(၃) သက်တော်    -  ၅၀ နှစ်
(၄) သိက္ခာတော်   -  (၃၀) ၀ါ၊
(၅) ဂိုဏ်း           - မူလဒွါရဂုဏ်
(၆) မွေးသက္ကရာဇ် - 1352 ခုနှစ် ကဆုန်လဆန်း (၂) ရက်
(၇) ဇာတိရပ်ရွာ  - ပဲခူးတိုင်းဒေသကြီး၊ ပြည်ခိုင်ရိုင်၊ ပန်းတောင်မြို့နယ်၊ ဒေါင်းမြတ်နားအုပ်စု၊ မြောင်ရှည်
                         ကျေးရွာ၊
(၈) ခမည်းတော် - ဦးသာမြိုင်
(၉) မယ်တော်    - ဒေါ်ခင်ကြည်
သာသနာဘောင်အတွင်းဖြတ်သန်းရာ
==================
            ဆရာတော်အား 1336 ခုနှစ် တန်ခူးလဆန်း (၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်မြို့နယ်၊ မြောင်ရှည်ကျေးရွာ၊ မြေနီကုန်းကောင်းတွင် ရွှေတောင်မြို့၊ စက္ကပဇ္ဖောတာရုံ ပန်းတောင်ကျောင်းဆရာတော် ဘဒ္ဒန္တစက္ကာဝုဓ (အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ) ကို ဥပဇ္ဈာယ်ပြု၍ ဦးဖိုးရင်+ဒေါ်ငြိမ်းအေးမိသားစု တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ လှိုင်ဂါတ်လမ်း၊ သီရိမင်္ဂလာရုံကျောင်း စာသင်တိုက် ကလျာဏစာရီ (ခဏ္ဍ) သိမ်၌ ၀ိသုတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဒဿနယကို ဥပဇ္ဈာယ်ပြု၍ မိုးညိုမြို့နယ် ထိန်တောကျေးရွာ ဦးလေးမောင်+ဒေါ်ခင်ကြည် မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းဘောင်သို့ ရောက်ရှိတော်မူခဲ့သည်။  ဆရာတော်သည် အနယ်နယ်အရပ်ရပ်ရှိ ပရိယတ္တိ စာသင်တိုက်များတွင် စာပေသင်ယူခဲ့ပြီး (ပထမကြီး) တန်းအထိ အောင်မြင်တော်မူခဲ့သည်။
သာသနာရေးဆောင်ရွက်ချက်များ
=================
            သံဃနာယကအဖွဲ့အစည်းအဆင့်ဆင့်တွင် ပြည်နယ်သံဃနာယကအဖွဲ့ဝင် (မူလဒွါရ) ဆရာတော် အဖြစ်ဆောင်ရွက်တော်မူခြင်း၊ကမ္မဋ္ဌာန်းနည်းပြသက်တမ်း (၂၀) နှစ်ရှိပြီး အချိန်ပြည့်ယောဂီ ၁၁၀ ဦး အချိန်ပိုင်းယောဂီ (၂၅၀) ဦးတို့အားကမ္မဋ္ဌာန်း တရားများဟောကြားပြသလျှက်ရှိပြီး ကမ္မဋ္ဌာန်းရိပ်သာများ တည်ထောင်ဖွင်လှစ်ပေးခြင်း၊ အမျိုးဘာသာ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဇွဲလုံ့လ ၀ီရိယကြီးမားစွာဖြင့် ဆောင်ရွက်တော်မူခြင်း၊ ထေရ၀ါဒကမ္မဋ္ဌာန နယူပဒေသဂုဏ် ၀ိပဿနာဓုရ၀ဟဂုဏ်၊ သီလ၊ သမာဓိ၊ပညာဂုဏ်တို့နှင့် ပြည့်စုံတော်မူခြင်းကြောင့် ရဟန်း၊ ရှင်၊ လူတို့၏ ကြည်ညိုလေးစားမှုကို ခံယူရရှိတော်မူပါသည်။
Sunday, March 24, 2013
အန္တရာယ်ကင်းကမ္ဘာ့အကြီးဆုံး ရှင်ဥပဂုတ္တ ရုပ်ထုတော်ကြီး ပူဇော်ပွဲအခမ်းအနားကျင်းပခြင်း
ရှင်ဥပဂုတ်ပူဇော်ပွဲအပြီး ရွှေမိုးငွေမိုး သွန်းဖြိုးနေစဉ်
 မုဒုံမြို့နယ်၏ အန္တရာယ်ကင်းကမ္ဘာ့အကြီးဆုံး ရှင်ဥပဂုတ္တ ရုပ်ထုတော်ကြီး ပူဇော်ပွဲအခမ်းအနား ကို (၂၄-၃-၂၀၁၃) နေ့ နံနက် (၈း၀၀) နာရီအချိန်တွင် ၀င်းစိန်တောရ သာသနာပြုစခန်းတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။  ရှေးဦးစွာ ရှင်ဥပဂုတ်မထေရ်မြတ်အား ၀င်းစိန်ဆရာတော်ကြီးနှင့် သံဃာတော်၊ သီလရှင်၊ ယောဂီများက  ပင့်ဆောင်ပူဇော်ကြပါသည်။ သစ်သီးဆွမ်းများကိုလည်း ဆက်ကပ်ပါသည်။
     ထို့နောက် မှိန်ကနိမ်းဆရာတော် ဥူးဝိစာရ က သီလတရားတော်မြတ်ကို ချီးမြှင့်ပြီး ရှင်ဥပဂုတ် ရာဇ၀င်ကို ဟောကြားတော်မူသည်။
           မုဒုံမြို့နယ် ကော့လှ (ကျောက်စိမ်း) ဆရာတော် ဘဒ္ဒန္တ ၀ိစာရ မှ ရှင်ဥပဂုတ် ဂါထာတော်ကို ပူဇော်ပြီး အနက်အဓိပ္ပါယ်ကို ရှင်းပြပါသည်။ ဆွံ့၊ အံ့၊ ပင်း၊ ကန်း၊ ရူးသွပ်၊ မိစ္ဆာဒိဌိ တို့မှ ကင်းလွတ်၍ နိဗ္ဗာန်ရောက်ကြောင်းတရားကို ရရှိရန်ဖြစ်ပါသည်။ မဟာယန အယူအရ ရှင်ဥပဂုတ် ပင်လယ်မျှောခြင်း၊ မာရ်နတ်နှင့်တန်ခိုးပြိုင်ခြင်း တို့ကို ပြုလုပ်ခဲ့ပါသည်။ ထေရ၀ါဒ အယူအဆအရ ရှင်ဥပဂုတ်ကိုယ်တော်သည် လူပျိုဘ၀က လွန်စွာ ချောမောလှပ ချမ်းသာသော လူတစ်ယောက်ဖြစ်ပြီး ပျက်စီးနေသော အမျိုးသမီးများ အား အမြင်မှန်ရအောင် ချွတ်လွှဲခဲ့သည်။ ရဟန်းဖြစ်ပြီးနောက်တွင်လည်း မာရ်နတ်ကို ချွတ်လွှဲခဲ့ပြီး နောင်တွင် အနှောင့်အယှက်မပေးရန်နှင့် ကောင်းမှုကုသိုလ် လုပ်သည့်ပွဲများကို ဦးဆောင်သည့် ဂေါပကအဖြစ် တာဝန်ယူလုပ်ဆောင်ရန် ကတိတောင်းဆိုခဲ့သည်။
 ထို့နောက် ကျပ်သိန်း (၁၀၀) မတည်အလှူရှင် ဦးကြင်စိန်+ဒေါ်ရှုဝေ (မော်လမြိုင်)၊ ကျပ်သိန်း (၇၀) အလှူရှင် ဦးမြင့်ဦး (သံဖြူဇရပ်)၊ ဘိလပ်မြေအလှူရှင် ဒေါ်စီစီသင်း (မြ၀တီ) နှင့် ဒါယကာ/ဒါယိကာမတို့မှ ရေစက်ချအမျှပေးဝေခဲ့ပါသည်။
 ( ၀င်းစိန်ဆရာတော်ကြီး၏ ဆုတောင်း)
          ကုန်းမှာ (၁၀) ကုဋေ၊ ရေမှာ (၉) ကုဋေ၊ အာကာသမှာ (၈) ကုဋေ (၃၁) ဘုံသော သတ္တ၀ါအပေါင်း ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ လမ်းဖြာကြပါစေ၊ အန္တရာယ်ကင်းရှင်းပြီး နိဗ္ဗာန်ရောက်ကြောင်း တရားကို ကျင့်ကြံအားထုတ်နိုင်ကြပါစေ။)
ပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်လာသော ဆရာတော်ကြီးများနှင့် တပည့်ဒါယကာ/ဒါယိကာမများ
ရှင်ဥပဂုတ်တမထေရ်မြတ်အား သစ်သီးဆွမ်းများဆက်ကပ်လှူဒါန်းထားစဉ်
မတည်အလှူရှင်များမှ ရေစက်ချအမျှပေးဝေနေပုံ
Thursday, March 21, 2013
ကမ္ဘာ့အကြီးဆုံးရှင်ဥပဂုတ်မထေရ်မြတ်ရုပ်ထုတော်နှင့် ၀င်းစိန်သာသနာ့နယ်မြေရှုခင်းများ
ရှင်ဥပဂုတ်မထေရ်ရုပ်ထုနှင့်အတူ ၀င်းစိန်ဆရာတော်ဘုရား၏ သာသနာပြုစခန်းအား မြင်ရပုံ
      မုဒုံမြို့နယ်ရှိ ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူဘုရားကြီးကို ဦးစီးတည်ထောင်တော်မူသော ၀င်းစိန် ဆရာတော် ဘုရားကြီးသည် နာဂစ်မုန်တိုင်းမတိုင်မီ ကာလကပင် မြန်မာနိုင်ငံအတွင်း မိုးကြီး လေကြီး ကျရောက်မည်ဖြစ်ပြီး လူအသေအပျောက်များမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ပြီး ယင်းအန္တရာယ်များကို ကာကွယ်ရန် (၂၈) ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွါးတော်မြတ်များနှင့် ရှင်ဥပဂုတ်မထေရ်ရုပ်ပွါးတော်တို့ကို ကိုးကွယ်ဆည်းကပ်ကြရန် မိန့်မှာတော်မူချက်အရ 1368 ခုနှစ် တွင် ဥာဏ်တော် (၇၀) မြင့်ရှင်ဥပဂုတ်မထေ၇်မြတ်ရုပ်ထုတော်ကို စတင်တည်ဆောက်ပူဇော်ခဲ့သည်။
 ရှင်ဥပဂုတ်ရုပ်ထုနှင့် လျောင်းတော်မူဘုရားကြီးကို ဖူးမျှော်နိုင်သောမဏိသြဂ တောင်းတက်လမ်းပေါ်မှ စေတီတော်တစ်ဆူ
ကြည်ညိုဖွယ်ရား ရှင်ဥပဂုတ်မထေရ်မြတ်
မတူရင်မတုနှင့် ရုပ်ထုနှင့် နိုင်ခရာ ရုပ်ထုတောင်ဘက်ရှိ  ရှင်ဥပဂုတ်ရုပ်ထုတော်သို့ ၀င်ရာလမ်း
တည်ဆောက်ဆဲကာလက ရှင်ဥပဂုတ်ရုပ်ထုနှင့် ၀င်းစိန်တောရဆရာတော်ဘုရားကြီး၏ သာသနာပြုစခန်း
ဥာဏ်တော် အတောင် (၇၀) ရှိ ရှင်ဥပဂုတ်အထေရ်မြတ်ရုပ်ထုကို 1368 ခုနှစ်က စတင်တည်ဆောက်ခဲ့သည်။
        ဖော်ပြပါ ရှင်ဥပဂုတ်မထေရ်မြတ်ရုပ်ထုတော်၏ သံဃာဘိသေက ပူဇော်ပွဲကို 1374 ခုနှစ် တပေါင်းလဆန်း (၁၃) ရက်၊ (၂၄-၃-၂၀၁၃) ရက်နေ့ (တနင်္ဂနွေနေ့) နံနက် (၇း၃၀) နာရီအချိန် တွင် ရုပ်ပွါးတော်မြတ်အနီးတွင် ကျင်းပမည် ဖြစ်ကြောင်းနှင့် တပည့်ဒါယကာ/ဒါယိကာမများ မည်သူမဆို ကုသိုလ်တော်ယူ လာရောက်ပူဇော်နိုင်ပါကြောင်း ပူဇော်ပွဲကျင်းပရေးကော်မတီမှ သိရှိရသည်။
Wednesday, March 13, 2013
ဝင်းစိန်ဆရာတော်ဘုရားကြီးမှ မုဒုံမြို့နယ်၏ အသက်အကြီးဆုံးအဘိုးအို အား အလှူငွေပေးအပ်
ဆရာတော်ကြီးမှ အသက် (၁၀၆) နှစ်ရှိ အဘိုးဦးထွိုင်အား အလှူငွေ (၅) သိန်းကျပ်ပေးအပ်စဉ်
မုဒုံမြို့နယ်၏ အသက်အကြီးဆုံးအဘိုးအို ဦးထွိုင်၊ အသက် (၁၀၆) နှစ်၊ မွေးသက္ကရာဇ်-1269 ခုနှစ်ပြာသိုလဆန်း (၁၂) ရက်၊ မှတ်ပုံတင်အမှတ်၊ ၁၀/မဒန (နိုင်) 014784၊ (မွန်/ဗုဒ္ဓဘာသာ)
          အတောင် (၄၀၀) ပြည့်ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူဘုရားကြီး ကို ဦးစီးတည်ထားကိုးကွယ်တော်မူ ခဲ့သည့် ၀င်းစိန်ဆရာတော် ဘုရားကြီး သည် မိဘများ၏ ကြီးမားသော ကျေးဇူးမေတ္တာတော်တို့ကို ပြန်လည်  
အောက်မေ့ ပေးဆပ် သည့် အနေဖြင့် ဆပ်သည့်အနေဖြင့် (၂၀-၂-၂၀၁၃) ရက်နေ့တွင် မုဒုံမြို့နယ်၏ အသက်အကြီးဆုံးအဘိုးအိုဖြစ်သူ ဦးထွိုင် (အသက်-၁၀၆) နှစ် နေထိုင်ရာ မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်၊  အခွန်လွတ်ဈေး (၂) လမ်း၊ အမှတ် (၁၈) ရှိ နေအိမ်သို့ ကိုယ်တော်တိုင်ကြွချီတော် မူပြီး ယင်းအဖိုးအိုအား အလှူငွေ ကျပ် (၅) သိန်းတိတိကို ပေးအပ်ချီးမြှင့် ခဲ့သည်။
          ဆရာတော်ကြီးသည် မိဘများ၏ကျေးဇူးကို အောက်မေ့ပေးဆပ် သည့်အနေဖြင့် မိမိ၏ (၉၂)  နှစ်မြောက်မွေးနေ့မင်္ဂလာတွင်လည်း အသက် (၇၀) နှင့်အထက် ဘိုးဘွား (၂၁၃၄) ဦးအား တစ်ဦးလျှင် ကျပ် (၁) သောင်း နှုန်းဖြင့်လည်းကောင်း၊ အသက် (၈၀) နှစ်နှင့်အထက် ဘိုးဘွား (၁၀၉၃) ဦးအား တစ်ဦးလျှင် (၂) သောင်းကျပ်နှုန်းဖြင့် လည်းကောင်း၊ အသက် (၉၀) နှစ်နှင့်အထက် ဘိုးဘွား (၂၈၁) ဦးအား တစ်ဦးလျှင် ကျပ် (၁) သိန်းနှုန်းဖြင့်းလည်းကောင်း စုစုပေါင်း ကျပ် (၇၁၃) သိန်းကိုလည်း လှူဒါန်းပေးခဲ့ပြီးဖြစ်သည်။
Monday, March 11, 2013
မုဒုံမြို့နယ်ပါဠိပထမပြန်စာအောင်သံဃာတော်များ ဆုနှင်းသဘင်ကျင်းပ
အခမ်းအနားတက်ရောက်လာကြသော ဆရာတော်ကြီးများ
 မုဒုံမြို့နယ်လုံးဆိုင်ရာ ဓမ္မစရိယနှင့် (၅၅) ကြိမ်မြောက်စာအောင်သံဃာတော်များဆုနှင်းသဘင်နှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းသားသင်တန်းသူများ အောင်လက်မှတ်ပေးအပ်ပွဲကို ယမန်နေ့ (11-3-2013) ရက်နေ့၊ မွန်းလွဲ (၁) နာရီက မုဒုံမြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မုဒုံမြို့နယ်ရှိ ဆရာတော်ကြီးများ၊ စာအောင်သံဃာတော်များ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီး  ဒေါက်တာမင်းနွယ်စိုးနှင့် တာဝန်ရှိသူများ၊ မြို့နယ်သံဃာဆွမ်းလောင်းအဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့အစည်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်  ဗုဒ္ဓဘာသာဝင်များတက်ရောက်ပူဇော် ခဲ့ကြသည်။
     အခမ်းအနားအပြီးတွင် မုဒုံမြို့နယ်မှ ဒါယကာ/ဒါယိကာမများက ဆွမ်းဆန်စိမ်းများနှင့် လှူဖွယ်ဝတ္ထုများကို ကန်ကြီးစေတီ တော်ဝင်းအတွင်းရှိ ဒေါ်ကြူ တန်ဆောင်နှင့် ဆင်နှစ်ကောင်တန်ဆောင်များတွင် လှူဒါန်းကြရာ တက်ရောက်လာကြသော ဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များမှ အလှူတော်ခံ ယူတော်မူပေကြသည်။
   ယခုနှစ်တွင် မုဒုံမြို့နယ်အတွင်း သာသနာ့ဓဇ ဓမ္မစရိယ အရှင်သိရိဓဇ နှင့် သာသနာ့ဓဇသိရီပ၀ရဓမ္မစရိယ အရှင်ကစ္စာယန အပါအ၀င် ပထမကြီးတန်းအောင် (၄၅) ပါး၊ ပထမလတ်တန်းအောင် (၇၄) ပါး၊ ပထမငယ်တန်းအောင် (၈၅) ပါး တို့ဖြစ်ကြောင်းသိရှိရသည်။
အခမ်းအနားတက်ရောက်လာသော စာအောင်သံဃာတော်များ
အခမ်းအနားတက်ရောက်လာသောဝန်ကြီးဒေါက်တာမင်းနွယ်စိုးနှင့် ပရိတ်သတ်များ
အခမ်းအနားကျင်းပစဉ်
အခမ်းအနားကျင်းပရာ မုဒုံမြို့သာသနာ့ဗိမာန်တော်ကြီး
သံဃာတော်များမှ ကန်ကြီးစေတီတော်ဝင်းအတွင်း ဆွမ်းဆန်နှင့် လှူဖွယ်များအလှူတော်ခံယူတော်မူစဉ်
သံဃာတော်များမှ ကန်ကြီးစေတီတော်ဝင်းအတွင်း ဆွမ်းဆန်နှင့် လှူဖွယ်များအလှူတော်ခံယူတော်မူစဉ်
သံဃာတော်များမှ ကန်ကြီးစေတီတော်ဝင်းအတွင်း ဒေါ်ကြူစောင်းတန်းအတွင်း ဆွမ်းဆန်အလှူခံယူတော်မူစဉ်
သံဃာတော်များမှ ကန်ကြီးစေတီတော်ဝင်းအတွင်း ဒေါ်ကြူစောင်းတန်းအတွင်း ဆွမ်းဆန်အလှူခံယူတော်မူစဉ်
Saturday, March 9, 2013
မုဒုံဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ ကမ္ဘာ့အကြီးဆုံး ရှင်ဥပဂုတ်မထေရ်သံဃာဘိသေက ပူဇော်ပွဲကျင်းပမည်
ဝင်းစိန်တောရကျောင်းဝင်းအတွင်းရှိ ဥာဏ်တော် အတောင် (၇၀) အမြင့်ရှိ ရှင်ဥပဂုတ် မထေရ်ရုပ်ပွါးတော်
                 မုဒုံမြို့နယ်ရှိ ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူဘုရားကြီးကို ဦးစီးတည်ထောင်တော်မူသော ၀င်းစိန် ဆရာတော်ဘုရားကြီးသည် နာဂစ်မုန်တိုင်းမတိုင်မီ ကာလကပင် မြန်မာနိုင်ငံအတွင်း မိုးကြီး လေကြီး ကျရောက်မည်ဖြစ်ပြီး လူအသေအပျောက်များမည်ဖြစ်ကြောင်း မိန့်တော်မူခဲ့ပြီး ယင်းအန္တရာယ်များကို ကာကွယ်ရန် (၂၈) ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွါးတော်မြတ်များနှင့် ရှင်ဥပဂုတ်မထေရ်ရုပ်ပွါးတော်တို့ကို ကိုးကွယ်ဆည်းကပ်ကြရန် မိန့်မှာတော်မူခဲ့သည်။
             ယင်းမိန့်မှာချက်အတိုင်း တပည့်ဒါယကာများဖြစ်သော မော်လမြိုင်မြို့နေ ဦးကြင်စိန်+ဒေါ်ရှုဝေ မိသားစုမှ ကျပ်သိန်း (၁၀၀) နှင့် သံဖြူဇရပ်မြို့နေ ဦးမြင့်ဦး မိသားစုတို့က ကျပ်သိန်း (၇၀) မတည်၍ အများဒါယကာများ၏ လှူဒါန်းငွေများဖြင့် ဥာဏ်တော်အတောင် (၇၀) အမြင့်ရှိ ရှင်ဥပဂုတ်မထေရ်မြတ်၏ ပုံတူရုပ်ပွါးတော်တစ်ဆူကို ၀င်းစိန်တောရဘုရားကျောင်းဝင်းအတွင်း အောင်လင်းစေတီတော်၏ခြေရင်း၊ မဏိသြဂတောင်တက်လမ်းဝ တွင် တည်ထားကိုးကွယ်ခဲ့ပါသည်။
           ယခုအခါ အဆိုပါရှင်ဥပဂုတ်မထေရ်မြတ်၏ သံဃာဘိသေက ပူဇော်ပွဲကို 1374 ခုနှစ် တပေါင်းလဆန်း (၁၃) ရက်၊ (၂၄-၃-၂၀၁၃) ရက်နေ့ (တနင်္ဂနွေနေ့) နံနက် (၇း၃၀) နာရီအချိန် တွင် ရုပ်ပွါးတော်မြတ်အနီးတွင် ကျင်းပမည် ဖြစ်ကြောင်းနှင့် တပည့်ဒါယကာ/ဒါယိကာမများ မည်သူမဆို ကုသိုလ်တော်ယူ လာရောက်ပူဇော်နိုင်ပါကြောင်း ပူဇော်ပွဲကျင်းပရေးကော်မတီမှ သိရှိရသည်။
(ရှင်ဥပဂုတ္တမထေရ်မြတ်)
            ရှင်ဥပဂုတ် မထေရ်မြတ်သည် ဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်အရ မောရ်နတ်မင်းကို အောင်နိုင်သော တစ်ပါးတည်းသော ရဟန္တာမြတ်ဖြစ်ပြီး  သီရိဓမ္မာသောကမင်းကြီး၏ စေတီပုထိုး (၈၄၀၀၀) ပူဇော်ပွဲကို လာရောက်ဖျက်ဆီးသော မာရ်နတ်မင်း၏ရန်မှ ရှင်ဥပဂုတ်မထေရ်မြတ်က တားဆီးကာကွယ်ပေးတော် မူခဲ့သည်။  ရှင်ဥပဂုတ်မထေရ်မြတ်သည် တောင်သမုဒ္ဒရာပင်လယ်ပြင်အတွင်း ကြေးပြဿဒ်စံနန်းပေါ်တွင် သီတင်းသုံးလျှက်ရှိပြီး ရေလုပ်သားများသည် ရဟန္တာမြတ်အား ပင့်ဆောင်ပူဇော်လေ့ရှိကြကြောင်း ဗဟုသုတ အလို့ငှါဖော်ပြအပ်ပါသည်။)
မုဒုံကန်ကြီးစေတီတော်ဝင်းအတွင်း အဆင့်မြင့်ရေအိမ်ဆောက်လုပ်မည်
 မုဒုံကန်ကြီးစေတီတော်မြတ်နှင့် ကန်ကြီးရေကန်တော်သို့ လာရောက်ဖူးမျှော်လည်ပတ်ကြသည့်   နိုင်ငံခြားသား ဧည့်သည်များနှင့် မြန်မာနိုင်ငံအရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ အဆင်ပြေချေမွှေ့ စွာ အသုံးပြုနိုင်ရန် စေတီတော်ဝင်းအတွင်း အဆင့်မြင့်ရေအိမ်ခန်းများ တည်ဆောက်တော့မည်ဖြစ်သည်။
         အဆိုပါခေတ်မီအဆင့်မြင့်ရေအိမ်ခန်းများ မုဒုံမြို့မှ ရပ်မိရပ်ဖများမှ ဦးဆောင်၍ နိုင်ငံခြားရောက် မုဒုံသူ/မုဒုံသားများ၏ ပူးပေါင်းပါဝင်လှူဒါန်းငွေများဖြင့် တည်ဆောက်မည်ဖြစ်ပြီး ပါဝင်လှူဒါန်းလိုသူများ အနေဖြင့်လည်း ကိုဝင်းနိုင်ဋ္ဌေး၊ (ညီညီဆေးဆိုင်နှင့် အထူးကုဆေးခန်း၊ မုဒုံမြို့) ဖုန်း - 05770464 နှင့် 09 8703828 သို့ စေတနာအလျှောက် ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရှိရသည်။
ခေတ်မီ အဆင့်မြင့်ရေအိမ်ပုံစံအား မြင်ရပုံ
ခေတ်မီရေအိမ်ပုံစံအား ဘေးတိုက်မှ မြင်ရပုံ
ခေတ်မီရေအိမ် Plan