Monday, July 16, 2012

မုဒုံမြို့မှ အာဇာနည်ကျောက်တိုင်


      မုဒုံမြို့၏အရှေ့တောင်ဘက်ယွန်းယွန်း ကန်ကြီးစေတီတော်ကြီး၏ အရှေ့ဘက်၊ စည်ပင်သာယာရေးစ၀င်းအတွင်း အာဇာနည်ကျောက်တိုင်တည်ရှိသည်။ အဆိုပါကကျောက်တိုင်မှာ တစ်ချိန်က မုဒုံမြို့နယ်မှ မျိုးချစ်လူငယ်တို့ နယ်ချဲ့အင်္ဂလိပ်တို့ကို တွန်းလှန်တိုက်ခိုက်ရင်း အသက်သွေးချွေးစတေးခဲ့ရသော အာဇာနည် ပုဂ္ဂိုလ်တို့အား ဂုဏ်ပြုထားသော အာဇာနည်ကျောက်တိုင် စိုက်ထူထားရှိပါသည်။ အဆိုပါကျောက်တိုင်အား မုဒုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထိန်းသိမ်းပြုပြင်မှုများ ပြုလုပ်ခဲ့ပြီး ယခုအခါ အထက်ပါပုံကဲ့သို့ ပန်းလှပင်များစနစ်တကျ စိုက်ပျိုးမွမ်းမံထား သည်ကို တွေ့ရှိရပါသည်။ ၂၀၁၂ ခုနှစ် ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် မြန်မာ့အာဇာနည် များ၏ အောက်မေ့ဝမ်းဖွယ်နေ့ကို သတိရရင်း တင်ပြလိုက်ပါသည်။

Tuesday, July 10, 2012

မုဒုံမြို့၊ ကန်ကြီးစေတီတော် ဘုရားသမိုင်းအကျဉ်း



          မုဒုံမြို့ကန်ကြီးစေတီတော်သည် မုဒုံမြို့အလယ်ဗဟိုမှ အရှေ့တောင်ယွန်းယွန်း ငါးဖာလုံခန့်အကွာ အဝေး မော်လမြိုင် သံဖြူဇရပ်ကားလမ်းမကြီး၏ အရှေ့ဘက်တွင် တည်ရှိသည်။  1918 ခုနှစ် အိန္ဒိယနိုင်ငံ အစိုးရ ရှေးဟောင်းသုတေသနဌာနမှ နောက်ထပ်ဖြည့်စွက်ပြင်ဆင်သည့် မြန်မာပြည်ရှိ ရှေးဟောင်းသမိုင်းဝင် အဆောက် အဦစာရင်း ပြန်တမ်းအခန်း (၃) စာမျက်နှာ (၁၂) အမှတ်စဉ် (၃၂) တွင် မုဒုံမြို့ ကန်ကြီးစေတီတော် နှင့်ကန်ကလေးစေတီတော်တို့ကို မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကပင် ဂ၀ံအုတ်တို့ဖြင့် ဆောက်လုပ် ထားကြောင်း ဖော်ပြပါရှိသည်။ သို့ဖြစ်ပါ၍ မူလကန်ကြီးစေတီတော်သည် အလွန်ရှေးကျသော အဆောက်အဦး ဖြစ်သည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိပါ။
          မွန်ဘာသာဖြင့် ပြုစုရေးသားထားသည့် မဟာဝင်ကျမ်းနှင့် ဂ၀ံပတိကျမ်းတို့အရဂေါတမ မြတ်စွာဘုရား သခင် ရှစ်ဝါမြောက်တွင် သီဟိုဠ်ကျွန်း၊ ကလျာဏီအရပ် မဏိအက္ခိက နဂါးမင်း၏ ဘုံဗိမာန်သို့ ကြွရောက်တော် မူလေရာ နဂါးမင်းသည် နဂါးအခြံအရံတို့နှင့်တကွ မြတ်စွာဘုရားသခင်နှင့် နောက်ပါရဟန္တာငါးရာတို့အား ကလျာဏီစေတီတော် တည်ရာအရပ်ဝယ် ဆောက်လုပ်အပ်သော ရတနာပလ္လင်နှင့်နတ်ဖြစ်ခဲဘွယ်ဘောဇဉ် တို့ဖြင့်ဆွမ်းလုပ်ကျွေးလေသည်။ မြတ်စွာဘုရားသည် မဏိအက္ခိက နဂါးမင်း အမှူးပြုသော နဂါးပရိတ်သတ် အပေါင်းတို့အား တရားဟောတော်မူပြီးလျှင် ထိုအရပ်မှ ကောင်းကင်ခရီးဖြင့် သုမနတောင်ထိပ်၌ ခြေတော်ရာ တစ်ဆူချထားတော်မူလေသည်။
          မြတ်စွာဘုရားသည် ထိုအရပ်မှ ကောင်းကင်ခရီးဖြင့် သုဝဏ္ဏဒီပကျွန်း (ဆူမတ္တရာ) သို့ ရဟန္တာငါးရာခြံရံ လျှက် ကြွရောက်တော်မူ၍ ကျွန်း၏အရှေ့မြောက်အရပ်ရှိ (အစှေ်) အချင် အရပ်၌ နတ်များအား တရားဟောတော်မူပြီးနောက် သုဝဏ္ဏဘူမိတိုင်းသို့ ဒေသစာရီကြွချီတော်မူရန်အလို့ငှါ အရှေ့မြောက်ယွန်း သမုဒ္ဒရာကမ်းခြေရှိ မဟာတိတ္တ၀န တောအုပ်သို့ ကြွတော်မူ၍ ထိုအရပ်ရှိ နတ်များသည် မြတ်စွာဘုရားရှင်အား ကျောက်ပလ္လင်တစ်ခု ဆက်ကပ်လှူဒါန်းသည်တွင် စုရုံးရောက်ရှိလာသည့် လူနတ်အများ မဂ်ဖိုလ်ဆိုက်ကြ လေသည်။
          ကျောက်ပလ္လင် (တမံပလင်) ကို အစွဲပြု၍နောက်နောင် မာလာကာရ အမည်ရှိ မြို့ကြီးတစ်မြို့ ဖြစ်ထွန်း လာလေသည်။ ယင်းမြို့ကို ယခုအခါ မလက္ကာမြို့ဟု ခေါ်တွင်သည်။ ထိုအရပ်မှတဖန် မြတ်စွာဘုရာရှင်သည် ကမ္ဗောဇတိုင်း လော့ဗူရိ(လ၀ပူရီ) တည်ရာအနီး၌ ခြေတော်ရာတစ်ဆူ ချထားတော်မူလေသည်။
          မြတ်စွာဘုရားရှင်သညိ ထိုအရပ်မှ မြောက်အရပ်ခပ်ယွန်းယွန်း ရဟန္တာငါးရာခြံရံလျှက် သောက္ကတဲ (ဆူခိုထိုင်း) မြို့ တည်ရာအနီး ဟံသာဂီရိတောင်ထိပ်သို့ ကြွရောက်တော်မူပြီး ရေအိုင်တစ်ခုအနီး ခေတ္တအပန်းဖြေ နေရာ ရေအိုင်မှ ခပ်ယူစေသော ရေသပိတ်ကို မြတ်စွာဘုရားရှင်နှင့် ရဟန္တာငါးရာတို့ သောက်သုံးမကုန်နိုင်သော အံ့ဖွယ်ရာကို ဖြစ်စေပြီး နောင်သောအခါ သာသနာသက္ကရာဇ် ၃၀၀ ကျော်လောက်တွင် ဤပတ်ဝန်းကျင်တွင် ခေါမနဂရခေါ် မြို့ကြီးတစ်မြို့ ပေါ်ပေါက်လိမ့်မည်ဟု ဗျာဒိတ်ထားတော်မူလေသည်။
          ထိုအရပ်မှ တဖန် မြတ်စွာဘုရားသည် ရဟန္တာငါးရာခြံရံလျှက် ရာမညဒေသဆီသို့ ဦးတည်၍ ထားဝယ်၊ ရေး၊ လမိုင်း၊ ၀ါခရူး (ကျိုက္ခမီ) တည်ရာအရပ်သို့ ကြွရောက်တော်မူလေသည်။ ကျိုက္ခမီမှ ဘီလူးကျွန်းသို့၊ ဘီလူးကျွန်းမှ တဖန် အရှေ့ဘက်ကမ်းရှိ ရွာကြီးတစ်ရွာသို့ ကြွတော်မူရာ သူအိုတစ်ယောက်ကို မြင်၍ အိုခြင်း၏ အပြစ်များကို ရဟန္တာငါးရာတို့အား ဟောကြာတော်မူသည်ကို အစွဲပြု၍ ထိုအရပ်ကို နောင်သောအခါ (ဍုင်ဇြာ) ဇရားမြို့ ခေါ်တွင် လေသည်။
          ထိုအရပ်မှ ကမ်းခြေဒေသတစ်ခုသို့ ဆိုက်ရောက်၍ ခေတ္တအပန်းဖြေစဉ် မြတ်စွာဘုရားရှိသည် လက်ျာတော်ဖြင့် ဒူးတော်နှစ်ဘက်ကို မတ်တပ်ရပ်ရင်း ပွတ်သတ်တော်မူသည်ကို စုဝေးရောက်ရှိလာကြသော နတ်များက တစ်အံ့တသြ သောသောညံညံ ချီးမွမ်းထောပနာပြုကြသည်တွင် မြတ်စွာဘုရားရှင်သည် ဆံတော် ဓါတ်မြတ်တစ်ဆူ ဗျာဒိတ်မြွတ်ကြား ပေးသနားတော်မူလေသည်။ နတ်များကလည်း ၀မ်းမြောက်ဝမ်းသာ ပွဲသဘင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပြီး ရှိခိုးပူဇော်ကြသည်ကို အကြောင်းပြု၍ ထိုအရပ်ကို (သဘင်ဇှော်) (ပွဲသဘင်ကြီး) ဟု ခေါ်တွင်ကြလေသည်။
          ထိုနေရာမှ မနီးမဝေးဒေသတစ်ခုသို့ ကြွရောက်တော်မူပြီး (မှံင်) မောင်အမည်ရှိ ရသေ့အားဆံတော် ဓါတ်မြတ် တစ်ဆူဗျာဒိတ်မြွတ်ကြား ပေးသနားတော်မူ၍ နဂါးမောင်နှံနှစ်ဦး စေတီတည်မည့်အကြောင်း ထပ်လောင်း ဗျာဒိတ်ပေးတော်မူသည်တွင် နတ်များသည် လွန်လွန်ကဲကဲ ပွဲသဘင်ဆင်ယဉ်ကျင်းပသည်ကို အစွဲပြု၍ ထိုအရပ်ကို မွန်ဘာသာဖြင့် (သဘင်မှံင်မဲ) (အလွန်အကျွံပွဲသဘင်)ဟု ခေါ်တွင်လေသည်။
          ဤနေရာဌာနနှစ်ခုသည် နီးကပ်လျှက်ရှိသည်က တစ်ကြောင်း၊ ပွဲလမ်းသဘင်ကြီးကျယ်စွာ ဆင်ယင်ကျင်းပ ခဲ့သည်ကတစ်ကြောင်း၊ တစ်နည်းအားဖြင့် ပျော်မြူးခြင်းအလွန်အကျွံ ကျင်းပပြုလုပ်ခဲ့သည်ကတစ်ကြောင်း ဤအကြောင်းနှစ်ရပ်ကြောင့် နောင်အခါ အနောက်ဘက်မနီးမဝေးအရပ်၌ ရွာတစ်ရွာဖြစ်ထွန်းပေါ်ပေါက်လာသည့် အခါ ယင်းရွာကို မွန်ဘာသာဖြင့် (ကွာန်လဗင်) ဟု ခေါ်တွင်လေသည်။ (မွန်ဘာသာ၌ သဘင်နှင့်လဗင် အဓိပ္ပါယ်ဆင်တူရိုးမှား ဖြစ်သည်။) (မှတ်ချက်။  သဘင်=ပွဲလမ်းသဘင်/ ပွဲတော်။ လဗင်=ပျော်မြူးခြင်း၊ လွန်ကျူးခြင်း။)
          (သဘင်ဇှော်) အရပ်၌ မြတ်စွာဘုရားရှင် ဗျာဒိတ်မြွတ်ကြားပေးသနားတော်မူသည့် ဆံတော်ဓါတ်ကို သုဒဿနအမည်ရှီ နတ်သားက ထိမ်းသိမ်းစောင့်ရှောက်ထားရာမှ နောက်များမကြာမီ နတ်ပရိတ်သတ်၊ လူပရိတ်သတ်တို့စုံညီစွာ စုဝေး၍ ကန်ကြီးကန်၏အနောက်ဘက်ကမ်းခြေကို ခုတ်ထွင်ရှင်းလင်းပြီး မြေပြင်ကို စည်မျက်နှာပြင်ကဲ့သို့ ညီညာပြန့်ပြူးအောင် သုတ်သင်ပြုပြင်ညှိထားလျှက် ဂ၀ံကျောက်ဖြင့် စေတီတစ်ဆူ တည်ထားပြီး ဆံတော်ဓါတ်ကို ဌာပနာကြလေသည်။ သုဒဿန နတ်သားပင်လျှင် ဆံတော်ဓါတ်ဖြင့်တကွ စေတီကို ထိန်းသိမ်းစောင့်ရှောက်လေသည်။

ဥာဏ်တော်မြင့်တင်ပူဇော်ခြင်း
          သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်တွင် သီရိဓမ္မာသောကမင်းကြီးသည် တတိယသံဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာနသို့ သာသနာပြုရဟန်းတော်များစေလွှတ်သည့်အချိန်တွင်သထုံပြည်ဝယ် သီရိမာသောကမင်း အုပ်ချုပ်လျှက်ရှိရာ လက်ရှိမွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မြို့ရွာများတွင် သထုံဘုရင်လက်အောက်ခံ မွန်မင်း (သို့မဟုတ်) မြို့စားများ အုပ်ချုပ်လျှက် မြို့ရွာအများအပြား ဖြစ်ထွန်းပေါ်ပေါက်လာသဖြင့် လူနေအိမ်ခြေ အတော်အသင့် တိုးတက်စည်ကားလာချေပြီ။
          ထိုကာလတွင် မော်လမြိုင် (မုပွန်)မြို့၌ သုဂဒိန်မင်း၊ ဇရားမြို့၌ ဗညားသံဗွီး၊ ၀ါခရူမြို့၌ ဗြသပေါ့(တ်) မင်း၊ လမိုင်းမြို့၌ဘောဂလင်မင်း၊ ရေးမြို့၌ ဟန်လာမင်းတို့အုပ်ချုပ်ကြလေသည်။
          သာသနာသက္ကရာဇ် ၂၃၉ ခုနှစ်တွင် သာသနာပြုဆရာတော်များဖြစ်ကြသော ရှင်သောဏနှင့် ရှင်ဥတ္တရမထေရ်မြတ်နှစ်ပါး မွန်ဒေသသို့ ကြွရောက်ကာ တရားဓမ္မဟောပြေပြသသည့်အခါ မွန်လူမျိုး ထောင်ပေါင်းများစွာတို့ အရိယာသာဝကများ ဖြစ်လာကြပြီးနောက် သာသနာ့ဘောင်သို့ ၀င်ရောက်ရဟန်းပြုကြ လေသည်။ သို့ဖြစ်၍ သာသနာတော် တစ်နေ့တစ်ခြား ထွန်းကားတိုးတက်လာလေသည်။ (ဇရားမြို့နယ်တွင် ဗညားသံဗွီး သည် မူလရှင်ရင်းစွဲ စေတီများ ကာလရှည်ကြာ၍ ပြုပြင်စောင့်ရှောက်မှု ချို့တဲ့သည့်အတွက် ပျက်စီးယိုယွင်းနေသည်ကို အသစ်တစ်ဖန် ပြန်လည်မွမ်းမံပြင်ဆင်ရာ ဇရားမြို့ရှိ ကော့ဖားစေတီ (ကျာ်ကံဖာ) နှင့် (ကွာန်လဗင်) လဲ့ဗင်ရွာ အရှေ့ဘက်ရှိ ကန်ကြီးစေတီ (က်ျသဘင်ဇှော်) တို့ကို ဥာဏ်တော်အတောင်လေးဆယ်၊ ကန်ကလေးစေတီတော် (ကျာ်သဘင်မှံင်မဲ) နှင့် ဘင်လှိုင်စေတီတော် တို့ကို ဥာဏ်တော် သုံးဆယ့်ငါးတောင်၊ ကျိုက်ရွဲ (ကျာ်အရဲ) ကိုမူ ဥာဏ်တော်အတောင် သုံးဆယ်အထိ တိုးချဲ့ပြုပြင်မွမ်းမံတည်ဆောက်လေသည်။ ကန်ကြီးစေတီကို ယင်းသို့ထပ်မံပြုပြင်ပြီး ဥာဏ်တော်ကို မြှင့်တင်သည့်အခါ မူလရှိရင်းစွဲ ဆံတော်ဓါတ်အပြင် သရီရဓါတ်တော်ကိုလည်း ဌာပနာလေသည်။

မျက်မှောက်ခေတ်စေတီတော်
          လက်ရှိစေတီတော်သည် (၄.၆၂) ဧကကျယ်ဝန်းသော အတွင်းမဟာရာမ်တံတိုင်းအလယ်ဗဟို၌တည်ရှိပြီး ဥာဏ်တော်အမြင့် (၈၉) တောင်၊ ရှစ်မြှောက်ပန္နက်တော်နှင့် ဖိနပ်တော်၏အ၀န်းမှာ (၄၁၈) တောင်ရှည်လျား၍ အုတ် အင်္ဂတေတို့ဖြင့် တည်ဆောက်ထားရာ အရံစေတီများမှာ မြေစိုက် (၃၃) ဆူ၊ ဖိနပ်တော်ပေါ်တွင် (၅၁) ဆူ၊ ပထမပစ္စယံပေါ်တွင် (၂၃) ဆူနှင့် အနီးပတ်ဝန်းကျင်တွင် မြေစိုက် (၁၇) ဆူရှိသည်။ စေတီတော်တည်ထားသည့် လက်ရာပြောင်မြောက်လွန်းသဖြင့် အလွန်သပ္ပါယ်လှသည်။ သို့ရာတွင် မည်သည့်ခေတ်တွင် မည်သူများ တိုးချဲ့မြှင့်တင်ပြုပြင်မွမ်းမံတည်ဆောက်ထားသည်ကိုမူကား ကမ္ဗည်းကျောက်စာ၊ မော်ကွန်း၊ မှတ်တမ်းများ မတွေ့ရှိ ရသဖြင့် အနုမာန မှန်းဆ၍သာ တင်ပြရချေမည်။
          သို့ရာတွင် စေတီ၏ အဆောက်အဦကိုစိစစ်လေ့လာသုံးသပ်ရာတွင် အတွင်းသားနှင့် အလယ်ထပ်တို့၌ ဂ၀ံကျောက်၊ အပေါ်ယံတွင်လည်း ဂ၀ံအုတ်တို့ကို တွေ့ရှိရသည့်အပြင် ဓါတ်တော်များ ဌာပနာထားသည့်နေရာများ ကို သတ်မှတ်ထားသည့် ဌာနများဟု ယူဆရသော ဂ၀ံကျောက်တိုင် (၈) တိုင်ထက်မနည်း တွေ့ရှိရသဖြင့် လက်ရှိစေတီတော်ကို သက္ကရာဇ် ၁၁၉၈ ခုနှစ်လောက်တွင် တိုးမြှင့်ချဲ့ထွင်ပြုပြင်တည်ဆောက်သည်ဟု အနုမာန မှန်းဆရပေသည်။
          ကန်ကြီးစေတီတော်မြတ်၏ ထူးခြားချက်မှာ စေတီရင်ပြင်ပေါ်သို့ အမျိုးသမီးများတက်ရောက်ခွင့်မပြုခြင်းပင် ဖြစ်သည်။ ရှေးလူကြီးသူမများသည် ဤပညပ်ချက်ကို အဘယ့်ကြောင့် ထုတ်ခဲ့ပါသနည်း။ ခိုင်လုံသော အကြောင်းပြချက်များရှိ၍သာ ပညတ်ခြင်းဖြစ်တန်ရာသည်။ ဘာသာရေးစွဲလန်းချက်ကြောင့်ပေလော။ အဂါရ၀ မဖြစ်စေရန် ရည်သန်ချက်ကြောင့်ပေလေ။ သို့လောသို့လော တွေးတောဖွယ်ရာ ဖြစ်ပေတော့သည်။
                                                          (ကန်ကြီးစေတီတော်သမိုင်းမှ ထုတ်နှုတ်ရေးသားပါသည်။)