Saturday, September 29, 2012

အခြေခံပညာကျောင်းပေါင်းစုံဓမ္မစကြာဝတ်ရွတ်ဆိုပြိုင်ပွဲကျင်းပ

သာသနာ့ဗိမာန်တော်ကြီးအတွင်း ဗုဒ္ဓရုပ်ပွါးတော်မြတ်ရှေ့တွင် ၀တ်ရွတ်ပြိုင်ပွဲဝင်ကြပုံ


မုဒုံမြို့နယ်အတွင်း ဗုဒ္ဓသာသနာတော်ပိုမိုထွန်းကား ပြန့်ပွါးရေးအတွက် မြို့နယ်သံဃနာယက အကျိုးတော်ဆောင်ဆရာတော် ဂျုံးဂျုံးကျတောရပဓာနနာယကဆရာတော်ကြီး ဦးကိတ္တိဝဏ္ဏ ဦးဆောင်ပြီး ဓမ္မစကြာဝတ်ရွတ်ပြိုင်ပွဲကို မုဒုံမြို့၊ သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့        (၂၉-၉-၂၀၁၂) ရက်နေ့တွင် မုဒုံမြို့ သာသနာ့ဗိမာန်တော်ကြီး၌ စတင်ကျင်းပရာ ပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းပေါင်း (၁၅) ကျောင်းဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရှိရပါသည်။ 

အိနြေ္ဒပြည့်စုံစွာဖြင့် ပြိုင်ပွဲဝင်နေကြသော ကျောင်းသူများ
  အဆိုပါပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုများချီးမြှင့်သွားမည်ဖြစ်ပြီး ဆုရ၀တ်ရွတ်အသင်း များကို မွန်ပြည်နယ် ၀တ်ရွတ်ပြိုင်ပွဲသို့ ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရှိရသည်။
 
ဂျုံးဂျုံးကျဆရာတော်ဘုရားကြီးနှင့်ဝတ်ရွတ်ကျောင်းသူများ ရင်းရင်းနှီးနှီး
        မုဒုံမြို့နယ်သည် မွန်ပြည်နယ် (၁၀) မြို့နယ်တွင် ဘာသာရေးအထွန်းကားဆုံးမြို့နယ် တစ်ခု အဖြစ် သတ်မှတ်ခံရပြီး သာသနာတော်ထွန်းကား ပြန့်ပွါးရေးလုပ်ငန်းများကို ဆက်တိုက် ဆောင်ရွက် လျှက်ရှိရာ လတ်တလောအချိန်တွင် မင်းတန်းရပ်၊ ဆုတောင်းပြည့် ဓမ္မာရုံတွင်လည်း အဘိဓမ္မာသင်တန်းကို ဆရာတော်ကြီးများမှ ဦးဆောင် ပို့ချပေးလျှက်ရှိသည်။

မုဒုံမြို့နယ်တွင် ဆွမ်းတော်ကြီးတင်လှူပူဇော်ပွဲကျင်းပလျှက်ရှိ


    ယနေ့သည် (၂၉-၉-၂၀၁၂) ရက်နေ့ တော်သလင်းလဆန်း (၁၄) ရက်ဖြစ်သည်နှင့်အညီ မုဒုံမြို့နယ်အတွင်း ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲများကို ရပ်ကွက်/ကျေးရွာအလိုက် ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများတွင် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို ကျင်းပလျှက်ရှိသည်။ ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲသည် မုဒုံမြို့နယ်၏ ဓလေ့ရိုးရာတစ်ခုဖြစ်ပြီး နှစ်စဉ် တော်သလင်းလဆန်း (၁၄) ရက်နေ့များတွင် ကျင်းပလျှက်ရှိသည်။


           ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို ကလေး၊ လူကြီး၊ လူငယ်၊ လူရွယ်အစုံ ဆင်နွှဲကြပြီး ဆွမ်းတော်ကြီးလာရောက်ကပ်လှူပူဇော်သူများကိုလည်း ဘုရား၊ ဘုန်းတော်ကြီးကျောင်း ဂေါပကများက ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်၊ ငါးကလေးမုန့် စသည့် အကျွေးအမွေးများဖြင့် ပြန်လည် ဧည့်ခံကြပါသည်။

           မုဒုံသားများအနေဖြင့် မိမိဓလေ့ကို ပြန်လည်သတိရစေရန် တင်ပြလိုက်ပါသည်။

ရထားဥသြသံလေးများကြားရင် အိမ်ပြန်ချင်စိတ်ထိန်းနိုင်ကြပါစေ



         အခုတင်ပြလိုက်သော မုဒုံဘူတာရုံသည် ၂၀၁၁ ခုနှစ်တွင် အသစ်ပြန်လည် ပြင်ဆင် တည်ဆောက်လိုက်သော  ဘူတာရုံကြီးဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲပြီးနောက် လက်ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ် (မုဒုံဇာတိဖွား) ဗိုလ်မှူးချုပ်အုန်းမြင့် (အငြိမ်းစား) တာဝန်ယူပြီးနောက် ဦးစားပေး တည်ဆောက်ရေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ 
           ယခုအခါအတွင် အဆိုပါ ဘူတာရုံဘေးပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် သာယာလှပရေး အတွက် မုဒုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်နေရပြီး ဘူတာရုံမှ ဗိုလ်ချုပ်လမ်းအထိ ကတ္တရာလမ်းကိုလည်း အသစ်ပြန်လည်းခင်ကျင်းပြီးဖြစ်သည်။ 
          မုဒုံဘူတာရုံသည် မုဒုံမြို့၏ အနောက်ဘက် လယ်ကွင်းပြင်များနှင့်ဆက်စပ်တည်ရှိပြီး ယခုအခါ ဘူတာရုံဝန်းကျင်အတွင် အရိပ်ရပင်များနှင့် ပန်းအလှပင်များ စိုက်ပျိုးထားရှိကာ ဘူတာရုံသို့ရောက်ရှိသူများအနေဖြင့် အမောပြေစေမည်ဖြစ်သည့်အပြင် မြစိမ်းရောင် ကဗ္ဗလာအသွင် ဖန်ဆင်းထားသော တစ်မျှော်တစ်ခေါ်စပါးခင်းများကိုလည်း စိတ်ကြည်နူးဖွယ် မြင်တွေ့နိုင်သည်။

          အဝေးရောက်မုဒုံနယ်သားများအတွက် မုဒုံမြို့၏ ပြောင်းလဲနေသော ဘူတာရုံမြင်ကွင်းလေး တွေကို ကြည့်ရင်း အိမ်ပြန်ချင်စိတ်တွေ တားလို့ရနိုင်ပါစေ..။

Wednesday, September 26, 2012

မုဒုံမြို့နယ်၊ ဘဲရမ်း၊ မုဒုံဦးကျေးရွာ၊ မိုးကုတ်ဝိပဿနာရိပ်သာ အတွင်းမှ ထောင်ဒဏ်ကျခံရသော သံဃာတော်များ၏ ဖြစ်ရပ်မှန်



    ယခုတလော facebook ပေါ်တွင် မုဒုံမြို့နယ်အတွင်း သံဃာတော် (၆) ပါးအား သိက္ခာမချပဲ ထောင်ဒဏ် (၆) လစီ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း စာကြောင်းနှင့်အတူ ပြစ်ဒဏ်ကျခံရသူ ဘုန်းကြီးလူထွက်များ၏ ပုံများပါ တွေ့မြင်ခဲ့ရပြီးနောက် ကွန့်မန်းများ ကိုလည်း လိုက်လံဖတ်ရှုကြည့်ရာ ဘုန်းကြီးလူထွက်များဘက်မှ ကာကွယ်ပြောဆိုနေမှုများနှင့် သက်ဆိုင်ရာ တရားရုံးတို့အား ဝေဖန်ပြစ်တင်နေမှုများကို အများအားဖြင့် တွေ့မြင်လိုက်ရ သည်။ သို့သော် ကွန့်မန်းပေးသူများ၏ အပြစ်မဟုတ်ပါ။ ကွန့်မန်းပေးသူများသည် ဗုဒ္ဓဘာသာ ၀င်များဖြစ်ကြပေရာ ယေဘုယျအားဖြင့် ဘုရားသားတော် သံဃာတော်များအား ထိုသို့ပြုမူ သည်ကို မည်သို့မျှ သီးမခံနိုင်ကြခြင်းဖြစ်ပေလိမ့်မည်။ သို့ရာတွင် ထိုသတင်းတင်သူကိုတော့ ပြောရပေလိမ့်မည်။ သတင်းကို တင်သာတင်လိုက်သည် ဘာကြောင့် ထိုသို့ ထောင်ကျသည် ကို မတင်ခြင်းသည် သတင်းတင်သူမှာ အပြစ်ရှိပေသည်။ ထို့ပြင် သတင်းတစ်ခုကို တင်လျှင် ရင်းမြစ်ကို သေချာစုံစမ်းပြီးမှ တင်စေလိုပါသည်။ သို့မဟုတ်ပါက သတင်းအမှန်သည် သတင်း အမှားဖြစ်သွားနိုင်သလို သတင်းအမှားသည် သတင်းအမှန်ဖြစ်သွားနိုင်ပါသည်။ ယခုသတင်း တွင်လည်း ယေဘုယျကြည့်လျင် သံဃာတော်များက မှန်သလို တရားရုံးက မှားနေသလို ထင်ရသည်။ အဘယ်ကြောင့် အပြစ်ပေးရသည်ကတော့ အကြောင်းရှိမည်ကို တွေးမိသူက နည်းနေပေသည်။ ထို့ကြောင့် ထိုသံဃာတော်များအား အဘယ့်ကြောင့် ပြစ်ဒဏ်ချမှတ်ရသည် ကို မုဒုံသားတစ်ယောက်အနေဖြင့် အတွင်းကျကျ သိသူတစ်ယောက်အနေဖြင့် တင်ပြလိုက် ပါသည်။ ဆုံးအောင်တော့ ဖတ်ကြပါခင်ဗျာ..။

          ဖြစ်စဉ်အမှန်မှာ ၂၀၀၉ ခုနှစ်တွင်
          မုဒုံမြို့မုဒုံဦးမိုးကုတ်ဝိပဿနာရိပ်သာကျောင်းတွင် သီတင်းသုံးနေသော ကျောင်းထိုင် ဆရာတော်သည် သံဃာတော်များ၏ ၀ိနည်းတော်များနှင့်ညီညွတ်မှုမရှိဘဲ သာသနာတော်ကို ညှိနွမ်းစေမည့် အပြုအမူများကို ဒါကာ/ဒါကာမများမှ မျက်မြင်တွေ့ရှိချက်များကြောင့် ဗုဒ္ဓသာသနာတော်မညစ်နွမ်းစေရေးနှင့် မိုးကုတ်ဆရာတော်ဘုရားကြီး၏ သီလ၊ သမာဓိ၊ ပညာဂုဏ်ရောင်များကြောင့် ထွန်းပြောင်ခဲ့သော မုဒုံဦးမိုးကုတ်ဝိပဿနာကျောင်းကြီး၏ သိက္ခာကို မထိပါးစေရန်အတွက် ကျောင်းမှ ထွက်ခွါပေးရန် လျှောက်ထားတောင်းပန်းရာမှ စတင်ဖြစ်ပွါးခဲ့ပါသည်။

          အမှုစတင်ဖြစ်ပွါးခါစတွင် မြို့နယ်သံဃဆရာတော်ကြီးများမှ ကျောင်းထိုင်ဆရာတော် ဘက်မှ ရပ်တည်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါကျောင်းထိုင်သည် ဒါကာ/ဒါကာမ များ၏ သံသယအတိုင်း (မပြောအပ်သော စကားတစ်ခွန်းလို့မှတ်ရန်)  လက်တွေ့ဆောင်ရွက် ကာလူဝတ်လည်သွားသည့်အခါတွင် ဆရာတော်ကြီးများသည် အတော်ပင် စိတ်ထိခိုက်သွား ခဲ့ရပါသည်။

          ထိုသို့ကျောင်းထိုင်ဆရာတော်လူဝတ်ကြောင်ထွက်ပြီးနောက် ဒါကာဒါယကာမများ ကလည်း နောင်တွင်အလားတူမဖြစ်စေရေးအတွက် ရိပ်သာတွင် အခြားဒုလ္လဘသံဃာတော် များကိုလည်း ရိပ်သာအတွင်း ယာယီသဘောမျိုးသာ သီတင်းသုံးနေထိုင်ရန်နှင့် အမြဲသီတင်းသုံးလိုပါက အခြားကျောင်းတိုက်များတွင် သီတင်းသုံးရန် လျှောက်ထားတောင်ပန်းကြသည်။ ထိုတောင်းပန်းချက်အရ ၀ိနည်းနှင့်အညီ နေထိုင်ကြ ပြီး သာသနာအကျိုးကို လိုလားသော ရဟန်းတော်အချို့တို့သည် အခြားကျောင်းတိုက်များသို့ သွားရောက်သီတင်းသုံးကြသော်လည်း ၀ိနည်းနှင့်မညီညွတ်သော သံဃာတော် ၂ ပါး ၃ ပါးခန့် သည် လုံးဝထွက်ခွါခြင်းမရှိပဲ ဆက်လက်သီတင်းသုံးနေထိုင်ခဲ့သည်။  မြို့နယ်သံဃနာယက သာသနာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့မှ အမျိုးမျိုးညှိနှိုင်းပေးကြသော်လည်း အဆိုပါသံဃာတော်များသည် လက်ခံမှုမရှိပဲဆက်လက်သီတင်းသုံးနေထိုင်သည့်အပြင် ထိုကာလအတွင်း မည်သည့်အရပ်မှ ရောက်လာသည်မသိသော သံဃာတော် (၃) ပါးခန့်သည် လည်း ရိပ်သာအတွင်း ရောက်ရှိလာပြီး ကျောင်းရှိ သံဃာတော်တို့နှင့်ပူးပေါင်းကာ ရိပ်သာအတွင်း သော့ခတ်ထားသော အဆောင်များအား သော့ရိုက်ဖျက်ပြီး အတင်းဝင်ရောက် နေထိုင်ခဲ့သည်။

          ထို့ကြောင့် သံဃနာယကဆရာတော်ကြီးများမှ ထပ်မံဝင်ရောက်ဖြေရှင်းပေးသော်လည်း အဆိုပါသံဃာတော်များသည် လုံးဝလက်ခံခြင်းမရှိ သည့်အပြင် ဒါယကာ/ဒါယကာမများအား သံဃာတော်များ မပြောအပ်သည့် စကားများဖြင့် ကြိမ်းမောင်းပြောဆိုအော်ဟစ်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။  စင်စစ်ထိုသံဃာတော်များမှာ ထေရ်ကြီးဝါကြီးများ မဟုတ်သည့်ပြင် ကျောင်းတွင် ယာယီရဟန်းလာဝတ်သော ဒုလ္လဘသာသာမျှသာ ဖြစ်သည့် ရဟန်းများဖြစ်ခြင်း၊ အချို့ရဟန်းများ မုဒုံမြို့နယ်ဇာတိမဟုတ်ဘဲ မုဒုံမြို့နယ်သို့ ကျဘမ်းအလုပ် လာလုပ်ကိုင်ရင်း ဒုလ္လဘရဟန်းလာဝတ်သည့် ပုဂ္ဂိုလ်များဖြစ်ခြင်း၊ ရဟန်းဝိနည်းတော်နှင့် သွားလာနေထိုင်မှုမရှိခြင်း၊ အချို့ရဟန်းများမှာ လူဝတ်အဖြစ်ရှိစဉ်ကာလက အကျင့်စရိုက်ဆိုး သွမ်းသူများဖြစ်ကြသည်။

အဆိုပါသံဃာတော်များသည် မုဒုံဦးကျေးရွာ ဒါယကာ/ဒါယိကာမများ၏ ကိုယ်တွေ့ပြောပြချက် များအရ မုဒုံမြို့နယ်ခံတစ်ဦးသာ ပါရှိပြီး အခြားနယ်များမှ မုဒုံမြို့နယ်အတွင်း ကျဘမ်းအလုပ်များလုပ်ကိုင်ရင်း မိုးကုတ်ကျောင်းတွင် ရဟန်းဝတ်နေထိုင်ခဲ့သော ပုဂ္ဂိုလ်များ ဖြစ်သည်။ ၄င်းတို့ ကျောင်းတွင်သီးတင်းသုံးစဉ်အတွင်းတွင်လည်း ကျောင်းဒါယကာ၊ ဒါယိကာမများအား ကြိမ်းမောင်းဆဲဆိုခြင်းများရှိသကဲ့သို့ ၄င်းတို့ထဲမှ ဘုန်းကြီးတစ်ပါးဆိုလျှင် ဒါကာတစ်ယောက်၏ နေအိမ်သို့သွားရောက်ကာ ၄င်းယူဆောင်လာသော ဒါးကိုပြ၍ ခြိမ်းခြောက်ဖူးကြောင်း အဆိုပါဒါယကာမှ ပြောပြချက်အရ သိရှိရပါသည်။

ထို့ပြင် ဖော်ပြပါ သံဃာတော်များသည် ၀ိပဿနာရိပ်သာအတွင်း သံဃာများ၏ ၀ိနည်းတော်နှင့် မလျော်သော ပြုမူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ကျောင်းဘေးဝန်း ကျင်တွင်နေထိုင်ကြသော မုဒုံဦးမှ ဒါကာ/ဒါကာမများပြောသည်။ ထို့ကြောင့်လည်း အဆိုပါ သံဃာတော်များသည် မုဒုံဦးရွာအတွင်း ဆွမ်းခံကြွလျှင်ပဲ ဆွမ်းလောင်မည့်သူ မရှိသလောက် နည်းပါသွားကြောင်းနှင့် ထိုသံဃာတော်များအား မြှောက်ပင့်ပေးနေသော ဒါကာအချို့မှသာ ဆွမ်းလောင်းလှူကြောင်း သိရှိရပါသည်။

အမှုစတင်ဖြစ်ပွါးခါစက မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများအနေဖြင့် သာသနာ တော်ရှေ့ရှု၍ သံဃာတော်များဘက်မှ ရပ်တည်ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါသံဃာတော်များ၏ ၀ိနည်းသမာဓိနှင့်မညီညွတ်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့ရ သောအခါမှ တရားဥပဒေနှင့်အညီဆောင်ရွက်ရန် ခွင့်ပြုတော်မူခဲ့သောကြောင်း သက်ဆိုင်ရာမှ ဥပဒေကြောင်းအရ အရေးယူခဲ့ခြင်းဖြစ်ပါသည်။

          ထို့ကြောင့် အဆိုပါအမှုတွင်ပါဝင်ပတ်သက်နေသော သံဃာတော်များဖြစ်သည့်ဦးကိတ္တိ၊ ဦးခေမာစာရ၊ ဦးစန္ဒကုမာရ၊ ဦးပညာဝံသ၊ ဦးသုမင်္ဂလ၊ ဦးရေ၀တ (၆) သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ (၁၄) ဖြင့် တရားစွဲဆိုပြစ်မှုထင်ရှား  သဖြင့် ထောင်ဒဏ် (၆) လစီကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ မုဒုံမြို့နယ်အတွင်း အဆိုပါ သတင်းအားကြားရသူများက သံဃာတော်များအား သိက္ခာမချဘဲ ထောင်ဒဏ်ချလို့ ရသလားလို့ မေးသောသူများရှိသလို လူအများကတော့ ထိုဘုန်းကြီးများမှာ နဂိုကတည်းက ဘာဝိနည်းသိက္ခာနဲ့မှ မရှိသည်ဖြစ်၍ သိက္ခာချစရာမလိုကြောင်း ပြောဆိုနေကြသည်။

ရိပ်သာဟူသည် သံဃာတော်များပိုင်ဆိုင်ခွင့်မရှိပဲ ယာယီသဘောမျိုး၊ အာဂန္တုသဘောမျိုးဖြင့်  သာ နေထိုင်သီတင်းသုံးခွင့်ရှိကြောင်းနှင့် ဒါယကာ/ဒါယကာများ၏ စီမံခန့်ခွဲပိုင်ခွင့်ရှိကြောင်း သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ရှင်းလင်းချက်အရ သိရှိရပါသည်။ 

သို့ဖြစ်ပါ၍ ယခု facebook ပေါ်တွင် ပျံ့နှံ့နေသော သတင်းများသည် သက်ဆိုင်ရာက သံဃာတော်များကို မတရားသဖြင့် ထောင်ချအရေးယူခြင်းမဟုတ်ပဲ သာသနာတော် အဓွန့်ရှည်ရေးအတွက် မြို့နယ်သံဃနာယကဆရာတော်ကြီးများ၏ သြ၀ါဒအတိုင်း ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်အပေါင်း သိရှိစေရန်နှင့် ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့ရေးအတွက် သာသနာကိုဖျက်ဆီးမည့် ဆူးညှောင့်ခလုတ်များကို ၀ိုင်းဝန်း ဖယ်ရှားရှင်းလင်းပေးကြစေရန် ရည်သန်၍ ရှင်းလင်းရေးသာခြင်းသာဖြစ်ပါသည်။




Sunday, September 23, 2012

မုဒုံမြေဘလော့ဂ်သို့ အကြံပြုစာများနှင့် သတင်းဓါတ်ပုံများ ပေးပို့နိုင်


 
မုဒုံမြေ ဘလော့ဂ်အောင်မြင်ရေးအတွက် မုဒုံမြို့နယ်သားများနှင့် မုဒုံမြို့နယ်ချစ်သူများအနေဖြင့် ဝေဖန်အကြံပြုစာများနှင့် မုဒုံနှင့်သက်ဆိုင်သော ကဗျာ၊ ၀တ္ထု၊ ဆောင်းပါး၊ ကာတွန်း၊ သမိုင်းမှတ်တမ်းများ၊ ဓါတ်ပုံများ ပေးပို့လိုပါက mudonmyay.mon@gmail.com သို့ ပေးပို့ နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Saturday, September 22, 2012

မုဒုံမဂ္ဂဇင်းမကြာမီထုတ်ဝေတော့မည်

မုဒုံမြို့နယ်၏ သမိုင်းနောက်ခံများ၊ မုဒုံမြို့နယ်၏ ထူးခြားသော ဂုဏ်ထူးဝိသေသများနှင့်အတူ မုဒုံမြို့နယ်အကြောင်းကို မုဒုံမြို့နယ်မှ စာပေ၀ါသနာရှင်များ၊ စာရေးဆရာများအပါအ၀င်. အနယ်နယ်အရပ်ရပ်မှ နာမည်ကျော် စာရေးဆရာကြီးများကိုယ်တိုင်ပါဝင်ရေးသားထားသော မုဒုံမြို့နယ်မဂ္ဂဇင်းကို ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ဖြန့်ချိတော့မည်ဖြစ်ကြောင်း သိရှိရသည်။

Sunday, September 9, 2012

မွန်တို့သမိုင်း



မိမိတို့၏ အသက်ရှင် နေနိုင်ရေးအတွက် နေရာဒေသတခုမှ အခြားတခုသို့ ရေကြည်ရာ မြက်နုရာကို ရှာဖွေနေထိုင်လုပ်ကိုင်စားသောက်ကြသည်။ဤသို့အချိန်ကာလကြာညောင်းလာသောအခါ နေထိုင်ရာနေရာဒေသတို့လည်း တခုနှင့် တခု မတူညီသောကြောင့် သြစတြစ်နှင့် တိဗက်တရုတ်ဟူ၍ ကွဲပြားကြခြင်းဖြစ်၏။ ၄င်းမောင်းဂုတ်လူမျိုးတို့သည် ရေကြည်ရာ မြက်နုရာရှာကြံ၍နယ်မြေဒသတခုမှ တခြားတခုသို့ေ ပြာင်းရွေ့နေကြရာတွင် နေကရွိုတ်လူမျိုးနှင့် အထူးသဖြင့် ပရိုတိုသြစလွိုက် လူမျိုးများနှင့် သွေးနှော်ကြသည်ဟု ဆို၏။ ထိုကြောင့် သြစတြစ် လူမျိုးတို့သည် သြစတြိုနီးရှန်နှင့် သြစတြိုအေရှတစ် ဟူ၍ ယင်းတို့၏ သာသာစကားဖြင့် ခွဲခြားခြင်းဟုဆိုသည်။ သြစတြိုအေရှတစ်တွင် အိန္ဒိယနိုင်ငံ (အာသံ၊ မဏိပူရ) ရှိခါဆီလူမျိုး။ မုဏ္ဍလူမျိုး (ကိုလ်)၊ ဆန်သာလ်လူမျိုး၊ နာဂဗာရီကျွန်းရှိ နာဂဗာရီလူမျိုးနှင့် အာသံ၊ မြန်မာ၊ အင်ဒိုချိုင်းနားရှိ မွန်ခမာအနွယ်ရှိတို့ ပြောဆိုသော စကားပါဝင်သည်။
မနုဿပညာရှင်တို့က မွန်၊ ၀၊ ပလောင်လူမျိုးတို့သည် ‘မွန်-ခမာ‘ အနွယ်ဖြစ်ပြီး မြန်မာမြေပေါ်တို့ အဦးစောဆုံး ၀င်ရောက်လာကြသည်ဟု လက်ခံကြပါသည်။ မွန်-ခမာအနွယ်သည် ‘မောင်းဂုတ်‘ လူမျိုးနွယ်ကြီးမှ ဆင်းသက်လာသည်ဟု ဆိုသည်။ မောင်းဂုတ် လူမျိုးနွယ်ကြီးမှ ‘သြစတြစ်‘ နှင့် ‘တီဗက်တိုတရုတ်‘ ဟု ကွဲပြားလေသည်။



၎င်းတို့သည် မောင်းဂုတ် အနွယ်ဝင်များဖြစ်ကြသော်လည်း ဒေသတခုအတွင်း နေထိုင်ကြရာမှ လူဦးရေ တိုးတက်များပြားလာခြင်းကြောင့်
(မောင်းဂုတ်) မွန်ဂိုလွိုလ်လူမျိုးနွယ်ကြီး၏ မူရင်းဒေသမှ အာရှတိုက်တွင် အများဆုံး နေထိုင်ကြပြီး အထူးသဖြင့်   အရှတိုင်မြောက်ပိုင်း၊ အလယ်ပိုင်း၊ အရှေ့ပိုင်းနှင့် အရှေ့ တောင်ပိုင်းတို့၌    ပြန်နှံ့နေထိုင် ကြသည်။ ထိုကြောင့် ဗီယက်နမ်၊ ခမာ၊ မွန်၊ ၀၊ ပလောင်(ရိအာန်) မုဏ္ဍ၊ ဆန်သာလ်၊ ခါဆီစသော လူမျိုးတို့သည် မွန်ခမာအနွယ်မှ ပေါက်ဖွားလာသော အလွန်သွေးနီးစပ်ကြသည် ညီရင်းအစ်ကို မောင်နှမရင်းသားချင်းဟုဆိုရပေမည်။

ထိုနည်းတူ မောင်းဂုတ် (မွန်ရိုလွိုက်လူမျိုးနွယ်ကြီး) မှ တီဗက်တိုဘားမင်းအုပ်စုတွင် ပျု၊ ကမ်းယံ၊ သက်၊ ချင်း၊ ကချင်း၊ ဗမာ၊ ကရင်လူမျိုးဖြစ်သို့လည်းကောင်း ထိုင်းတရုတ်အုပ်စုမှ ရှမ်း၊ ရှမ်းတရုတ်၊ တရုတ်လူမျိုးအဖြစ်သို့လည်းကောင်း ဆင်းသက်လာကြသည်ဟုဆို၏။

သြစတြိုအေရှတစ် အရှတောင်ပိုင်းသို့ မဆင်းသက်မီ တရုတ်ပြည်ယန်စီ ကန်မြစ်ဝှမ်း ဒေသတွင် မွန်ခမာ လူမျိုးနွယ်အဖြစ် တခုတရုံးတည်း အခြေချ နေထိုင်လာကြ သည်ဟု ဆိုသည်။ ထိုကြောင့် ယန်စီကျန်မြစ်ဝှမ်းဒေသသည် မွန်ခမာတို့၏ ဒေသဟောင်း ဖြစ်သည်ဟု ဆိုရပေမည်။ ၄င်းမြစ်ဝှမ်းဒေသသည် ရာသီဥတု သင့်တင့်မျှတမှုရှိပြီး မြေဆီသြဇာ ကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးရေးလုပ်ငန်းကို စနစ်တကျလုပ်ကိုင်နိုင်သော လူမျိုးဟု ယူဆရသည်။ နှစ်ပေါင်းရှည်ကြာစွာ တစုတရုံးတည်း စနစ်တကျအခြေချနေထိုင်ကြရာတွင် စိုက်ပျိုးရေးကုန်ထုတ်လုပ်ငန်းကြီးဖြင့် စနစ်ကျသော လူအဖွဲ့အစည်း ဖွဲ့စည်းကြကာ ကျေးပြည်၊ ကျေးနယ်ထူးထောင်ကြသည်။ ၄င်း၌ မိမိတို့လူမျိုးများ၏ လူဦးရေများပြား လာခြင်းကြောင့် လည်းကောင်း အာရှမြောက်ပိုင်းဒေသ၌ ရာသီဥတုဆိုးဝါးမှု ကြောင့်လည်းကောင်းမြောက်ပိုင်း လူမျိုးနွယ်စုများအစုအပြုံ တိုးဝင်ဆင်းသက်လာခြင်း ကြောင့်လည်းကောင်း အကျပ် အတည်းနှင့်တွေ့ရသောကြောင့် တောင်ဖက်ပိုင်းသို့ ပြောင်းရွှေ့လာကြရသည်ဟုဆိုသည်။ ထိုသို့ပြောင်းရွှေ့ကြရာတွင် အင်ဒိုချိုင်းနားဘက်သို့ ဗက်ယက်နမ်ဒေသတွင် ဗီယက်နမ်လူမျိုး၊ ကမ္ဘောဒီးယားဒေသတွင် ခမာလူမျိုး၊ ယိုးဒယားနှင့် မြန်မာပြည်တောင်ပိုင်းဒေသတွင် မွန်၊ ၀၊ ပလောင်အုပ်စုတို့သည်လည်းကောင်း၊ ဗြဟ္မပုတ္တရမြစ်ကြောင်းအတိုင်း အိန္ဒိယြ့ပည် ဒက္ခီဏ ကုန်းဒေသတွင် မုဏ္ဍလူမျိုး၊ ဘင်္ဂလားနယ်တွင် ဆန်သာလ်လူမျိုးနှင့် အာသံနယ်တွင် ခါဆီလူမျိုးတို့ကိုလည်းကောင်း အခြေချနေထိုင်သည်ကို တွေ့ရသည်။

မွန်ခမာအနွယ်ဘွား လူမျိုးတို့သည် ဘာသာစကားတမျိုးတည်ဖြစ်သော်လည်း အခြား ဒေသများသို့ ပြောင်းရွှေ့နေထိုင်အခြေချပြီး ကာလကြာမြင့်စွာခွဲခွါကြခြင်း၊ မူရင်းဘာသာ စကားအပြင် ဝေါဟာရအသစ်များ တိုးတက်များပြားသုံးစွဲ၍ မိမိတို့အနွယ်နှင့် မတူသော ဝေါဟာရများထည့်သွင်းပြောဆိုခြင်းရှိသော်လည်း မူလ မွန်ခမာဝေါဟာရကို သုံးစွဲလျက် ရှိသည်ကို တွေ့ရှိရသည်။ ဤအခြေအနေပေါ်မူတည်၍ ဘာသာဗေဒပညာရှင်တို့က လူမျိုးများ ဆင်းသက်လာပုံကို ဖော်ထုတ်နိုင်ခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀)ခန့်ကပင် မွန်ခမာအနွယ်ဝင် မွန်၊ ၀၊ ပလောင် (ရိအာန်)လူမျိုးတို့သည် တရုတ်ပြည်တောင်ပိုင်း ‘ ယန်စီကျန်မြစ်ဝှမ်းဒေသ‘ ဆီမှာ တောင်ဖက် သို့ ဆင်းသက်လာကြပြီးလျှင် သံလွင်မြစ်ကြောင်းနှင့် မဲခေါင်မြစ်ဝှမ်းဆီသို့ ဆင်းသက်ကြပြီး တိုင်းပြည်တောင်ပိုင်းမဲနမ်မြစ်ဝှမ်း၌ မွန်လူမျိုးစုဦးဆောင်၍ ဒွါရာဝတီပြည်ကို ထူထောင်ကြ သည်။ မွန်၊ ၀၊ ပလောင်အနွယ်ဘွား လူမျိုးတို့ကို ယောနက (ယူနန်) ယောန၊ ယောန်း(ယွန်း)၊ ကြောမ်း (ကြွမ်း) ဟု ဖြစ်ကြောင်းဆိုပါသည်။ ‘ပလောင်‘ တောတိုး ‘ယောလူမျိုး‘ ဟု အဆိုစာရှိလေရာ ယောနတိုင်း (ယူနန်ဒေသ)က ဆင်းသက်စီးပွားလာသော လူမျိုးဟုဆိုသည်။ ပလောင်တို့သည် မွန်တို့နှင့်အတူ မြန်မာပြည်အောက်ပိုင်းဒေသ၊ သထုံဒေသ၊ ပဲခူး-တော်ငူဒေသတို့တွင် အခြေချနေထိုင်ခဲ့ကြောင်း ပလောင်လူမျိုးနွယ်စုတခုဖြစ်သည့် (ရူမိုင်း)တို့ အခြေချကြောင်း ရမ္မ၀တီဟုအည်တွင်ကြောင်း သရေခေတ္တရာ (ပြည်)ပန်းတောင်းအရပ် ဒေသသို့ ပြောင်းရွှေ့လာကြကြောင်း၊ ရူမိုင်း (ရူမာည်း) ရှေ့ဟောင်းရာဇ၀င်တွင်ရှိပါသည်။ ကျန်အစုမှာ တောင်ငူ-ရမည်သင်းဒေသမှ ရှမ်းပြည်တောင်းပိုင်းသို့ ရွှေ့ပြောင်းကြောင်း ဖော်ပြသည်။ ၀၊ ပလောင်အုပ်စုတစုသည် တရုတ်ပြည်တောင်ပိုင်းဆီမှ မြန်မာပြည်သို့ ရွှေလီမြစ်ကြောင်းနှင့် တပိန်မြစ်ကြောင်းအတိုင်း မြန်မာပြည်အထက်ပိုင်းတကာင်းဒေသ၊ မြန်မာပြည်အလယ်ပိုင်းဒေသဖြစ်သည့် ရှေ့ပုဂံ(ပေါက္ကံ) ဒေသ။ မင်းဘူး (၆)ခရိုင်ဒေသ၊ ပခုက္ကူ (ယောနယ်)ဒေသ ဗိသာနိုးဒေသတို့၌ ၀၊ ပလောင်လူမျိုးအနွယ်တစုတို့သည် ဧရာဝတီမြစ် ကြောင်းအတိုင်း ဆင်းသက်လာပြီး အခြေချခဲ့ကြသည်ဟု ဆိုပါသည်။ နောက်တွင်ကား မရှေးမနှောင်းပင် ရောက်ရှိလာကြသော ရှေးပျူနှင့်အနွယ်တူလူမျိုးများတို့ ရောနှောအခြေချ ကြကြောင်း သိရှိရ၏။ နောက်တွင် ပုဂံပြည်ကြီးကိုထူထောင်ကြရာတွင် မွန်၊ ၀၊ ပလောင် အနွယ်လူမျိုးမှာ ပါဝင်ကြောင်း ပုဂံကျောက်စာအရ သိရကြောင်း သိရပါ၏။

ပလောင်လူမျိုးတို့သည် ရှေးဦးပျူလူမျိုးတို့နှင့် နီးကပ်စွာအတူ ယှဉ်တွဲနေထိုင်ပြီး ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာ၊ ရှေးဟောင်းယုံကြည်မှု၊ ရိုးရာပုံပြင်များ။ မျိုးရိုးစဉ်လာခံယူမှု၊ အုပ်ချုပ်မှုစနစ်ကို တူညီစွာ ခံယူကျင့် သုံးလာခဲ့၍လည်း ပျူလူမျိုးမှ “ပြူ” “ ပလူ” ၎င်းမှ ပလောင် လူမျိုးဟု အဆိုရှိလေသည်။ ပလောင်၊ ၀ နွယ်တူလူမျိုးတစ်စုတို့သည် တကောင်း ဒေသဆီမှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆင်းသက်လာကြပြီး မြေပြန့်ဒေသဖြစ်သည့် မတ္တရာ၊ အောင်ပင်လယ် (မန္တလေး) အင်းဝ၊ တောင်ပြုန်း၊ ကျောက်ဆည်ဒေသသို့ ပြန့်နှံ့အခြေချလာပြီး မွန်ခမာအနွယ် မွန်၊ ၀၊ ပလောင်တို့နှင့် ပြန်ဆုံစည်းကြ၍ ကျောက်ဆည် (၁၁)ခရိုင်ဒေသတွင် အင်အားကြီးထွားပြန့်နှံ့နေထိုင်ခဲ့ကြသည်။ ပန်းလောင်မြစ်၊ ဇော်ဂျီမြစ်ဒေ သတို့တွင် ပြန့်နှံ့စွာ အခြေချနေထိုင်သည်ကို သိရှိရ၏။ ထို့ကြောင့် ၀၊ ပလောင်လူမျိုးများ (ရှေးဦး ၀၊ ပလောင်) တို့သည် မြေပြန့်ဒေသများတွင် အခြေချနေထိုင်ခဲ့ကြကြောင်း မွန်ဂိုတာတာလူမျိုးအုပ်စုတို့နှင့် မကြာခဏ တိုက်ခိုက်ကြရကြောင်း ရန်သူတို၏ နှောက်ယှက် တိုက်ခိုက်ခြင်းကို ရင်ဆိုင်ကြရကြောင်း၊ မြန်မာအုပ်စုဝင်တို့ အလုံးအရင်းအင်အားကြီးစွာ ၀င်ရောက်လာကြကြောင်း၊ မွန်ဂိုတာတာနှင့်အတူ မြန်မာအုပ်စုဝင်အနွယ်တို့၏ တိုက်ခိုက်ခြင်း ကြောင်း မွန်ခမာအနွယ်ဝင် မွန်၊ ၀၊ ပလောင်လူ့အဖွဲ့အစည်းဖြိုကွဲ၍ မွန်အုပ်စုတို့ မြန်မာပြည် အောက်ပိုင်းဒေသတို့၌ အခြေတည်ကြကြောင်း၊ ၀၊ ပလောင်အုပ်စုအနွယ်တို့ ရှမ်းကုန်းပြင် မြင့်(တောင်ပေါ်ဒေသ) ရှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းတို့ ၀င်ရောက်အခြေချကြကြောင်း သိရှိရ၏။

မွန်ခမာအနွယ်ဝင် ၀၊ ပလောင်လူမျိုးတို့သည် တရုတ်ပြည်တောင်ပိုင်း ယန်ဆီကျန် မြစ်ဝှမ်းဒေသမှ တစ်စုအဖြစ် ထွက်လာကြပြီး တရုတ်ပြည်တောင်ပိုင်း (တာလီဒေသ) ထန်ချုန်းဒေသနှင့် ယုန်ချန်ဒေသတို့တွင် အခြေချ၍ မြို့ပြပြည်နယ်ငယ်များ ထူထောင်ကြ သည်။ မွန်ဂိုတရုတ်အနွယ်တို့၏ အဆက်မပြတ် နှောက်ယှက်တိုက်ခိုက်မှု ဒဏ်ကြောင့် “ တာလီဖူးနိုင်ငံတော်(ကောသမ္ဘီပြည်) “ ပျက်ဆီးခဲ့ရသဖြင့် “ ၀ ” အနွယ်ဝင်သည် သံလွင်မြစ် ကြောင်းအတိုင်း ဆင်းသက်ကြပြီး မြန်မာပြည်သံလွင်အရှေ့ခြမ်းဒေသနှင့် အနောက်ခြမ်းဒေ တွင်အခြေချ နေထိုင်ကြကြောင်း တွေ့ရ၏။

တာလီဖူးမြို့ပြနိုင်ငံတော် (ကောသမ္ဘီပြည်) ပြိုကွဲခဲ့ရခြင်းကြောင့် ၀ နှင့် ပလောင်အနွယ်စု ကွဲထွက်ခဲ့ရပြီး ပလောင်အနွယ်စုမှာ ရွှေလီမြစ်ဝှမ်းနှင့် သံလွင်မြစ်အကြား တောင်တန်းကြီး များကို ဖြတ်ကျော်၍ မုံးကိုး - ကြူကုတ်လမ်းကြောင်းမှ ကွက်ခိုင်၊ သိန္နီ၊ လားရှိုး - မိုင်းရယ်သို့ ၀င်ရောက်လာကြသည်။ AD ၁၀ရာစုတွင် ပလောင်အနွယ်စုတစ်ခုမှာ ရွှေလီမြစ်ကြောင်းအနီး ကျယ်လန့် (နမ့်ခမ်း - မူဆယ်) တွင် ပြန်လည်စုစည်းကြပြီး မြို့ပြကျေးပြည် (ဒုတိယ ကောသမ္ဘီပြည်) အဖြစ် ထူထောင်ကြပြန်သည်။ ထို့နောက်တွင် “ ကျယ်လန့်ကျေးပြည်ထွန်း ကားစဉ်တွင် ပဲခူး - တောင်ငူ - ကျောက်ဆည် ဒေသတို့မှ အင်အားပြိုကွဲလာသည့် မွန်၊ ၀၊ ပလောင်အနွယ်စုအနက်မှ ပလောင်အနွယ်စုသည် မြန်မာပြည်မြောက်ပိုင်းသို့ ဆန်တက်လာ ကြပြီး ရွှေလီချိုင့်ဝှမ်းဒေသရှိ အနွယ်စုတို့နှင့် ပူးပေါင်း၍ တောင်ပေါ်ဒေသ၌ မြို့ ပြကျေးပြည်စုစည်း တည်ထောင်ကြပြန်သည်။ ရာမ၀တီဟုပင် အမည်တွင်၍ မြို့တော်ကို “ကျကောင်း” (မိန်းကောင်း)ဖြစ်သည်။ ခရိုင် (၂၉)ခုဖွဲ့စည်း ထားကြောင်းနှင့် ပလောင် မျိုးနွယ်စုများဖြစ်ကြသည်။ (ရူမည်း၊ ရူလျဲန်း၊ ရူကော) တို့၏ မြို့ပြကျေးပြည်ဖြစ်ပြီး စည်ပင် ထွန်းကားခဲ့၏။ တောင်ပေါ်ကုန်းမြင့်၌ တည်ထားခြင်းကြောင့် ရန်အန္တရာယ်များကို ခုခံနိုင် ကာကွယ်နိုင်ရန်နှင့် ရန်သူ၏ တိုက်ခိုက်မှု မလွယ်ကူစေရန်ဖြစ်ဟန် ရှိသည်ဟုရှိသည်။



နေနဂါးမျိုးနွယ်

ပလောင်လူမျိုးတို့သည် အဖ နေနတ်သား အမိ နဂါးမတို့မှ ဆင်းသက်လာသည်ဟု သတ်မှတ် ယုံကြည် ကိုးကွယ်ကြပါသည်။

ရှေးပလောင်အလံ

ရှေးပလောင်လူမျိုးတို့အထိမ်းအမှတ်အလံမှာအပြာရောင်အောက်ခံ၍ဗဟိုအလယ်တွင် နေ၀န်းနီလုံးရှိထားပါသည်။

ကိုးကွယ်ယုံကြည်မှု
ပလောင်လူမျိုးတို့ ၉၉ ရာခိုင်းနှုန်းက ဗုဒဘာသာဝင်ကို ကိုးကွယ်ယုံကြည်ကြပါသည်။ နတ်ကို အနည်းအကျဉ်း၊ ခရစ်ယာန် အနည်းအကျဉ်းကိုးကွယ်ကြပြီး တောစောင့်နတ်၊ ရွာစောင့်နတ်၊ လယ်စောင့်နတ်တို့ကို ပသပူဇော်သည့် ဓလေ့ရှိပါသည်။
facebook.ပေါ်မှ မူရင်းလင့်