Showing posts with label နိုင်ငံရေး. Show all posts
Showing posts with label နိုင်ငံရေး. Show all posts
Sunday, April 7, 2013
မုဒုံသူ/မုဒုံသားများအနေဖြင့် မိမိတို့၏ လိုလားချက်များအား နိုင်ငံတော်သို့ ရင်ဖွင့်နိုင်ပြီ (မုဒုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှသိန်းမှ အဖွင့်အမှာစကားပြောကြားစဉ်
  မုဒုံမြို့နယ်ပြည်သူ့လွှတ်တော်ရုံးဖွင့်ပွဲကို ယနေ့ (၇-၄-၂၀၁၃) ရက်နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် မုဒုံမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မုဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြသိန်း၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် အခြားဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။  
            ယခုကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ခြင်းသည် မုဒုံမြို့နယ် အတွင်းရှိ ပြည်သူများ၏ လိုလားချက်များကို လွှတ်တော်ကိုယ်စားလှယ်များ ထံသို့ တိုက်ရိုက် တွေ့ဆုံတင်ပြဆွေးနွေးနိုင်မည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များ ဘက်မှလည်း ပြည်သူများ၏ တင်ပြဆွေးနွေးမှုများကို အလေးထားဖြည့်ဆည်း ဆောင်ရွက်ရန်လိုအပ်ကြောင်း နိုင်ငံရေးကျွမ်းကျင်သူမြို့နေလူထုမှ သုံးသပ် ကြသည်။
          မည်သို့ပင်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်ရုံးများမြို့နယ်တိုင်းတွင် ရှိနေခြင်းက အစိုးရနှင့် ပြည်သူလူထုအကြား ပိုမိုထိတွေ့ရင်းနှီးမှုရှိလာနိုင်ပြီး ပွင့်လင်းမြင်သာမှုလည်း ပိုမိုရရှိလာ မည်ဖြစ်သည့် အတွက် ပြည်သူများအနေဖြင့် လည်းမိမိတို့၏ နစ်နာမှုများ၊ လိုလားချက်များကို ရဲရဲဝံ့ဝံ့ တွေ့ဆုံတင်ပြ သွားကြရန် လိုအပ်ပေသည်။ 
အခမ်းအနားတက်ရောက်လာသော မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ
Saturday, November 10, 2012
ယနေ့ ၈၈ မျိုးဆက်ကျောင်းသား ဦးမင်းကိုနိုင်နှင့်အဖွဲ့မုဒုံကို ရောက်ရှိ
၈၈ မျိုးဆက်ကျောင်းသား ဦးမင်းကိုနိုင်နှင့်အဖွဲ့ အား မုဒုံမြို့ခံလူထုမှ ကြိုဆိုနေစဉ်
                မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးအတွက် ၈၈ ကျောင်းသားများအဖွဲ့ဖြစ်သော ကိုမင်းကိုနိုင်နှင့်အဖွဲ့သည် ယနေ့ မုဒုံစံတော်ချိန် (၇း၃၀) အချိန်တွင် မုဒုံမြို့ ဗိုလ်ချုပ်လမ်း၊ အောင်ဓမ္မရိပ်သာရှိ ဓမ္မာရုံတွင် ဒီမိုကရေစီလိုလားသူများ၊ မုဒုံမြို့နယ် တက်ကြွလူငယ်များ၊   ရပ်မိရပ်ဖမြို့ခံလူထုများနှင့် တွေ့ဆုံခဲ့သည်။ ဒီနေ့တစ်ရက်တည်းတွင် မော်လမြိုင်၊ ကျိုက်မရော ခရီးစဉ်များကိုပါ သွားရောက်ခဲ့ရသည့်အတွက် အခမ်းအနားကို မူလသတမှတ်ချိန် (၄း၀၀) နာရီထက် များစွာ နောက်ကျပြီး (၇း၃၀) မှသာ ပြုလုပ်နိုင်ခဲ့သော်လည်း အခမ်းအနားသို့ လူအင်အား (၃၀၀) ကျော် (၄၀၀) ၀န်းကျင် တက်ရောက်ခဲ့ကြသည်။  ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွင် ဦးမင်းကိုနိုင်နှင့်အတူ အဖွဲ့ဝင်အဖြစ် မုဒုံမြို့နယ်၊ ကမာဝက်ဇာတိဖွား ကိုမင်းဇေယျာလည်း လိုက်ပါလာ သည့်အတွက် မုဒုံမြို့နယ်သားများအနေဖြင့် အားတက်ဝမ်းမြောက်ခဲ့ကြောင်း သိရှိရသည်။
ကြောင်းနှင့် လူထုကြားတွင် ဒီမိုကရေစီယဉ်ကျေးမှုနှင့် လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်ရေးကို အလေးထားဆွေးနွေးခဲ့ကြောင်းလည်း သိရှိရသည်။
၈၈ မျိုးဆက်ကျောင်းသား ဦးမင်းကိုနိုင်နှင့်အဖွဲ့ အား မုဒုံမြို့ခံလူထုမှ ပန်းဆီးဆက် ကြိုဆိုနေကြစဉ်
၈၈ မျိုးဆက်ကျောင်းသား (၀ဲမှ ယာ) ဦးမင်းဇေယျာ (မုဒုံကမာဝက်သား)၊ ဦးမင်းကိုနိုင်၊ ဦးဋ္ဌေးကြွယ် နှင့်အဖွဲ့ဝင်များ
တွေ့ဆုံပွဲမစတင်မီ ဒီမိုကရေစီအတွက်ကျဆုံးခဲ့သော ဒီမိုကရေစီသူရဲကောင်းများအား အခမ်းအနားတက်ရောက်သူများမှ ဂုဏ်ပြုနေကြစဉ်
Wednesday, November 7, 2012
၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင်နှင့်အဖွဲ့ မုဒုံလာမည်
 မြန်မာ့ပွင့်လင်းလူ့အဖွဲ့အစည်းကွန်ရက်တည်ထောင်သူ ၈၈ မျိုးဆက်ကျောင်းသားကိုမင်းကိုနိုင်နှင့် အဖွဲ့ဝင်များသည် (၁၀-၁၁-၂၀၁၂) ရက်နေ့တွင် မုဒုံမြို့သို့ လာရောက်ရန်ရှိပြီး မုဒုံမြို့ရှိ ပြည်သူလူထုနှင့် လူငယ်များအား ၄င်းတို့၏လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီရေးရာအမြင်ချင်းဖလှယ်ရေးဆောင်ရွက်မှု များကို ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။  ထိုအစီအစဉ်ကို မုဒုံမြို့ ဗိုလ်ချုပ်လမ်း ရှိ အောင်ဓမရိပ်သာတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။