ယခုတလော
facebook ပေါ်တွင် မုဒုံမြို့နယ်အတွင်း သံဃာတော် (၆) ပါးအား သိက္ခာမချပဲ ထောင်ဒဏ်
(၆) လစီ ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း စာကြောင်းနှင့်အတူ ပြစ်ဒဏ်ကျခံရသူ
ဘုန်းကြီးလူထွက်များ၏ ပုံများပါ တွေ့မြင်ခဲ့ရပြီးနောက် ကွန့်မန်းများ ကိုလည်း
လိုက်လံဖတ်ရှုကြည့်ရာ ဘုန်းကြီးလူထွက်များဘက်မှ ကာကွယ်ပြောဆိုနေမှုများနှင့်
သက်ဆိုင်ရာ တရားရုံးတို့အား ဝေဖန်ပြစ်တင်နေမှုများကို အများအားဖြင့် တွေ့မြင်လိုက်ရ
သည်။ သို့သော် ကွန့်မန်းပေးသူများ၏ အပြစ်မဟုတ်ပါ။ ကွန့်မန်းပေးသူများသည် ဗုဒ္ဓဘာသာ
ဝင်များဖြစ်ကြပေရာ ယေဘုယျအားဖြင့် ဘုရားသားတော် သံဃာတော်များအား ထိုသို့ပြုမူ
သည်ကို မည်သို့မျှ သီးမခံနိုင်ကြခြင်းဖြစ်ပေလိမ့်မည်။ သို့ရာတွင်
ထိုသတင်းတင်သူကိုတော့ ပြောရပေလိမ့်မည်။ သတင်းကို တင်သာတင်လိုက်သည် ဘာကြောင့်
ထိုသို့ ထောင်ကျသည် ကို မတင်ခြင်းသည် သတင်းတင်သူမှာ အပြစ်ရှိပေသည်။ ထို့ပြင်
သတင်းတစ်ခုကို တင်လျှင် ရင်းမြစ်ကို သေချာစုံစမ်းပြီးမှ တင်စေလိုပါသည်။
သို့မဟုတ်ပါက သတင်းအမှန်သည် သတင်း အမှားဖြစ်သွားနိုင်သလို သတင်းအမှားသည်
သတင်းအမှန်ဖြစ်သွားနိုင်ပါသည်။ ယခုသတင်း တွင်လည်း ယေဘုယျကြည့်လျင် သံဃာတော်များက
မှန်သလို တရားရုံးက မှားနေသလို ထင်ရသည်။ အဘယ်ကြောင့် အပြစ်ပေးရသည်ကတော့
အကြောင်းရှိမည်ကို တွေးမိသူက နည်းနေပေသည်။ ထို့ကြောင့် ထိုသံဃာတော်များအား
အဘယ့်ကြောင့် ပြစ်ဒဏ်ချမှတ်ရသည် ကို မုဒုံသားတစ်ယောက်အနေဖြင့် အတွင်းကျကျ
သိသူတစ်ယောက်အနေဖြင့် တင်ပြလိုက် ပါသည်။ ဆုံးအောင်တော့ ဖတ်ကြပါခင်ဗျာ..။
ဖြစ်စဉ်အမှန်မှာ ၂၀၀၉ ခုနှစ်တွင်
မုဒုံမြို့မုဒုံဦးမိုးကုတ်ဝိပဿနာရိပ်သာကျောင်းတွင်
သီတင်းသုံးနေသော ကျောင်းထိုင် ဆရာတော်သည် သံဃာတော်များ၏
ဝိနည်းတော်များနှင့်ညီညွတ်မှုမရှိဘဲ သာသနာတော်ကို ညှိနွမ်းစေမည့် အပြုအမူများကို
ဒါကာ/ဒါကာမများမှ မျက်မြင်တွေ့ရှိချက်များကြောင့် ဗုဒ္ဓသာသနာတော်မညစ်နွမ်းစေရေးနှင့်
မိုးကုတ်ဆရာတော်ဘုရားကြီး၏ သီလ၊ သမာဓိ၊ ပညာဂုဏ်ရောင်များကြောင့် ထွန်းပြောင်ခဲ့သော
မုဒုံဦးမိုးကုတ်ဝိပဿနာကျောင်းကြီး၏ သိက္ခာကို မထိပါးစေရန်အတွက် ကျောင်းမှ
ထွက်ခွါပေးရန် လျှောက်ထားတောင်းပန်းရာမှ စတင်ဖြစ်ပွါးခဲ့ပါသည်။
အမှုစတင်ဖြစ်ပွါးခါစတွင် မြို့နယ်သံဃဆရာတော်ကြီးများမှ
ကျောင်းထိုင်ဆရာတော် ဘက်မှ ရပ်တည်ပေးခဲ့သော်လည်း နောက်ပိုင်းတွင်
အဆိုပါကျောင်းထိုင်သည် ဒါကာ/ဒါကာမ များ၏ သံသယအတိုင်း (မပြောအပ်သော
စကားတစ်ခွန်းလို့မှတ်ရန်) လက်တွေ့ဆောင်ရွက်
ကာလူဝတ်လည်သွားသည့်အခါတွင် ဆရာတော်ကြီးများသည် အတော်ပင် စိတ်ထိခိုက်သွား
ခဲ့ရပါသည်။
ထိုသို့ကျောင်းထိုင်ဆရာတော်လူဝတ်ကြောင်ထွက်ပြီးနောက်
ဒါကာဒါယကာမများ ကလည်း နောင်တွင်အလားတူမဖြစ်စေရေးအတွက် ရိပ်သာတွင်
အခြားဒုလ္လဘသံဃာတော် များကိုလည်း ရိပ်သာအတွင်း ယာယီသဘောမျိုးသာ
သီတင်းသုံးနေထိုင်ရန်နှင့် အမြဲသီတင်းသုံးလိုပါက အခြားကျောင်းတိုက်များတွင်
သီတင်းသုံးရန် လျှောက်ထားတောင်ပန်းကြသည်။ ထိုတောင်းပန်းချက်အရ ၀ိနည်းနှင့်အညီ
နေထိုင်ကြ ပြီး သာသနာအကျိုးကို လိုလားသော ရဟန်းတော်အချို့တို့သည် အခြားကျောင်းတိုက်များသို့
သွားရောက်သီတင်းသုံးကြသော်လည်း ၀ိနည်းနှင့်မညီညွတ်သော သံဃာတော် ၂ ပါး ၃ ပါးခန့်
သည် လုံးဝထွက်ခွါခြင်းမရှိပဲ ဆက်လက်သီတင်းသုံးနေထိုင်ခဲ့သည်။ မြို့နယ်သံဃနာယက သာသနာရေးဦးစီးဌာနနှင့်
သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့မှ အမျိုးမျိုးညှိနှိုင်းပေးကြသော်လည်း
အဆိုပါသံဃာတော်များသည် လက်ခံမှုမရှိပဲဆက်လက်သီတင်းသုံးနေထိုင်သည့်အပြင် ထိုကာလအတွင်း
မည်သည့်အရပ်မှ ရောက်လာသည်မသိသော သံဃာတော် (၃) ပါးခန့်သည် လည်း ရိပ်သာအတွင်း
ရောက်ရှိလာပြီး ကျောင်းရှိ သံဃာတော်တို့နှင့်ပူးပေါင်းကာ ရိပ်သာအတွင်း
သော့ခတ်ထားသော အဆောင်များအား သော့ရိုက်ဖျက်ပြီး အတင်းဝင်ရောက် နေထိုင်ခဲ့သည်။
ထို့ကြောင့် သံဃနာယကဆရာတော်ကြီးများမှ
ထပ်မံဝင်ရောက်ဖြေရှင်းပေးသော်လည်း အဆိုပါသံဃာတော်များသည် လုံးဝလက်ခံခြင်းမရှိ
သည့်အပြင် ဒါယကာ/ဒါယကာမများအား သံဃာတော်များ မပြောအပ်သည့် စကားများဖြင့်
ကြိမ်းမောင်းပြောဆိုအော်ဟစ်ခြင်းများကို ပြုလုပ်ခဲ့ကြသည်။ စင်စစ်ထိုသံဃာတော်များမှာ ထေရ်ကြီးဝါကြီးများ
မဟုတ်သည့်ပြင် ကျောင်းတွင် ယာယီရဟန်းလာဝတ်သော ဒုလ္လဘသာသာမျှသာ ဖြစ်သည့်
ရဟန်းများဖြစ်ခြင်း၊ အချို့ရဟန်းများ မုဒုံမြို့နယ်ဇာတိမဟုတ်ဘဲ မုဒုံမြို့နယ်သို့
ကျဘမ်းအလုပ် လာလုပ်ကိုင်ရင်း ဒုလ္လဘရဟန်းလာဝတ်သည့် ပုဂ္ဂိုလ်များဖြစ်ခြင်း၊ ရဟန်းဝိနည်းတော်နှင့်
သွားလာနေထိုင်မှုမရှိခြင်း၊ အချို့ရဟန်းများမှာ လူဝတ်အဖြစ်ရှိစဉ်ကာလက
အကျင့်စရိုက်ဆိုး သွမ်းသူများဖြစ်ကြသည်။
အဆိုပါသံဃာတော်များသည်
မုဒုံဦးကျေးရွာ ဒါယကာ/ဒါယိကာမများ၏ ကိုယ်တွေ့ပြောပြချက် များအရ
မုဒုံမြို့နယ်ခံတစ်ဦးသာ ပါရှိပြီး အခြားနယ်များမှ မုဒုံမြို့နယ်အတွင်း
ကျဘမ်းအလုပ်များလုပ်ကိုင်ရင်း မိုးကုတ်ကျောင်းတွင် ရဟန်းဝတ်နေထိုင်ခဲ့သော
ပုဂ္ဂိုလ်များ ဖြစ်သည်။ ၄င်းတို့ ကျောင်းတွင်သီးတင်းသုံးစဉ်အတွင်းတွင်လည်း
ကျောင်းဒါယကာ၊ ဒါယိကာမများအား ကြိမ်းမောင်းဆဲဆိုခြင်းများရှိသကဲ့သို့ ၄င်းတို့ထဲမှ
ဘုန်းကြီးတစ်ပါးဆိုလျှင် ဒါကာတစ်ယောက်၏ နေအိမ်သို့သွားရောက်ကာ ၄င်းယူဆောင်လာသော
ဒါးကိုပြ၍ ခြိမ်းခြောက်ဖူးကြောင်း အဆိုပါဒါယကာမှ ပြောပြချက်အရ သိရှိရပါသည်။
ထို့ပြင်
ဖော်ပြပါ သံဃာတော်များသည် ၀ိပဿနာရိပ်သာအတွင်း သံဃာများ၏ ၀ိနည်းတော်နှင့် မလျော်သော
ပြုမူဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ကျောင်းဘေးဝန်း ကျင်တွင်နေထိုင်ကြသော
မုဒုံဦးမှ ဒါကာ/ဒါကာမများပြောသည်။ ထို့ကြောင့်လည်း အဆိုပါ သံဃာတော်များသည်
မုဒုံဦးရွာအတွင်း ဆွမ်းခံကြွလျှင်ပဲ ဆွမ်းလောင်မည့်သူ မရှိသလောက်
နည်းပါသွားကြောင်းနှင့် ထိုသံဃာတော်များအား မြှောက်ပင့်ပေးနေသော ဒါကာအချို့မှသာ ဆွမ်းလောင်းလှူကြောင်း
သိရှိရပါသည်။
အမှုစတင်ဖြစ်ပွါးခါစက
မြို့နယ်သံဃနာယကအဖွဲ့ဆရာတော်ကြီးများအနေဖြင့် သာသနာ တော်ရှေ့ရှု၍ သံဃာတော်များဘက်မှ
ရပ်တည်ခဲ့သော်လည်း နောက်ပိုင်းတွင် အဆိုပါသံဃာတော်များ၏
ဝိနည်းသမာဓိနှင့်မညီညွတ်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့ရ သောအခါမှ တရားဥပဒေနှင့်အညီဆောင်ရွက်ရန်
ခွင့်ပြုတော်မူခဲ့သောကြောင်း သက်ဆိုင်ရာမှ ဥပဒေကြောင်းအရ အရေးယူခဲ့ခြင်းဖြစ်ပါသည်။
ထို့ကြောင့်
အဆိုပါအမှုတွင်ပါဝင်ပတ်သက်နေသော သံဃာတော်များဖြစ်သည့်ဦးကိတ္တိ၊ ဦးခေမာစာရ၊
ဦးစန္ဒကုမာရ၊ ဦးပညာဝံသ၊ ဦးသုမင်္ဂလ၊ ဦးရေ၀တ (၆) သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေပုဒ်မ
(၁၄) ဖြင့် တရားစွဲဆိုပြစ်မှုထင်ရှား
သဖြင့် ထောင်ဒဏ် (၆) လစီကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
မုဒုံမြို့နယ်အတွင်း အဆိုပါ သတင်းအားကြားရသူများက သံဃာတော်များအား သိက္ခာမချဘဲ
ထောင်ဒဏ်ချလို့ ရသလားလို့ မေးသောသူများရှိသလို လူအများကတော့ ထိုဘုန်းကြီးများမှာ
နဂိုကတည်းက ဘာဝိနည်းသိက္ခာနဲ့မှ မရှိသည်ဖြစ်၍ သိက္ခာချစရာမလိုကြောင်း
ပြောဆိုနေကြသည်။
ရိပ်သာဟူသည်
သံဃာတော်များပိုင်ဆိုင်ခွင့်မရှိပဲ ယာယီသဘောမျိုး၊ အာဂန္တုသဘောမျိုးဖြင့် သာ နေထိုင်သီတင်းသုံးခွင့်ရှိကြောင်းနှင့်
ဒါယကာ/ဒါယကာများ၏ စီမံခန့်ခွဲပိုင်ခွင့်ရှိကြောင်း သာသနာရေးဦးစီးဌာနမှ
တာဝန်ရှိသူတစ်ဦး၏ ရှင်းလင်းချက်အရ သိရှိရပါသည်။
သို့ဖြစ်ပါ၍ ယခု facebook ပေါ်တွင်
ပျံ့နှံ့နေသော သတင်းများသည် သက်ဆိုင်ရာက သံဃာတော်များကို မတရားသဖြင့်
ထောင်ချအရေးယူခြင်းမဟုတ်ပဲ သာသနာတော် အဓွန့်ရှည်ရေးအတွက် မြို့နယ်သံဃနာယကဆရာတော်ကြီးများ၏
သြ၀ါဒအတိုင်း ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း ဗုဒ္ဓဘာသာဝင်အပေါင်း သိရှိစေရန်နှင့်
ဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့ရေးအတွက် သာသနာကိုဖျက်ဆီးမည့်
ဆူးညှောင့်ခလုတ်များကို ၀ိုင်းဝန်း ဖယ်ရှားရှင်းလင်းပေးကြစေရန် ရည်သန်၍
ရှင်းလင်းရေးသာခြင်းသာဖြစ်ပါသည်။