ကန်ကြီးကန်ပတ်လမ်းကို ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ကားများဖြင့် အလွယ်တကူသွားလာနိုင်ရေးအတွက် ပြုပြင်မှုများဆောင်ရွက်ခဲ့ပြီး လမ်းနှင့် မလွတ်ကင်းသော သစ်ပင်များကိုလည်း ခုတ်လှဲခဲ့သည့်အတွက် ယခင်က သစ်ပင်သစ်ရိပ်တို့ ဖုံးလွှမ်းခဲ့သော ကန်ပတ်လည်သည် ကန်ကတုံးကဲ့သို့ ဖြစ်ခဲ့ရပါသည်။
ခုတ်လှဲခဲ့သော သစ်ပင်များနေရာတွင် အစားထိုးနိုင်ရန်အတွက် နှစ်စဉ် မိုးဦးရာသီများတွင် သစ်တောဦးစီးဌာနနှင့် စည်ပင်တို့မှ သစ်ပင်များ လာရောက်စိုက်ပျိုးကြသော်လည်း ထိန်းသိမ်းမှုမရှိခြင်းကြောင့် စိုက်သမျှသစ်ပင်အားလုံးရှင်သန်မှုမရှိကြောင်းလည်း တွေ့ရှိခဲ့ရပါသည်။ ယခုနှစ် မိုးရာသီတွင်လည်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မုဒုံမြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းများက ကန်ပတ်လမ်းတစ်လျှောက် ပိတောက်၊ စိန်ပန်းနှင့် အခြားအရိပ်ရပင်ပေါင် (၄၀၀) ခန့်ကိုစိုက်ပျိုးပြီးဖြစ်သည်။
သို့ရာတွင် ယခုစိုက်ပျိုးသော သစ်ပင်များသည် လူအများဖြင့် စိုက်ပျိုးမှုကြောင့် စနစ်တကျစိုက်ပျိုးမှု မရှိခြင်း၊ သစ်ပင်များအား နွား/ဆိတ် တို့၏ ဖျက်ဆီးမှုမှ ကာကွယ်ရန် စနစ်တကျကာရံထားမှုမရှိခြင်း နှင့် ပူးပြင်းသော ရာသီများတွင် ရေလောင်ပေါင်းသင်းခြင်းမရှိပါက ယခင်နှစ်များကဲ့သို့ပင် စိုက်ပျိုး သမျှအပင်များ ရှင်သန်မည်မဟုတ်ကြောင်း သုံးသပ်ရပါသည်။
သို့ဖြစ်ပါ၍ ကန်ကြီးကန်ပတ်လမ်းစိမ်းလန်းစိုပြေရေးအတွက် မုဒုံမြို့ပေါ်ရှိ မြို့သူ/မြို့သားများအနေဖြင့် လူတစ်ဦးလျှင် (၅) ပင် (၁၀) ပင်သော်လည်းကောင်း၊ အဖွဲ့အစည်းများအနေဖြင့်လည်းကောင်း တစ်ပိုင်တစ်နိုင် စနစ်တကျ တာဝန်ယူ ၀ိုင်းဝန်းထိန်းသိမ်းခြင်းဖြင့် မိမိတို့မြို့ရှိ တန်ဖိုးမဖြတ်နိုင်သော ကန်ကြီးကန်တော်မင်္ဂလာကို အလှဆင်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။
No comments:
Post a Comment